Thursday, July 25, 2013

မိတ္ထီလာဓာတ်ဆီဆိုင် ဖျက်ဆီးသူတစ်ဦး ထောင်ဒဏ်ချ၍ နှစ်ဦး တရားသေလွှတ်

ပဋိပက္ခကာလအတွင်း မိတ္ထီလာမြို့ အောင်ဆန်းမြို့သစ်ရပ်ရှိ ‘ကျော်’ စက်သုံးဆီ အရောင်းဆိုင် ဖျက်ဆီး မှုနှင့် ပတ်သက်၍ ဇူလိုင် ၂၃ ရက်နေ့က မိတ္ထီလာမြို့နယ် တရားရုံးက တစ်ဦးကို ထောင်ဒဏ် ၂ နှစ်နှင့် သုံးလပြစ်ဒဏ်ချ၍ ကျန်နှစ်ဦးကို တရားသေ လွှတ်လိုက်ကြောင်း ယင်းတရားရုံးထံမှ သိရ သည်။

မတ်လ ၂၁ ရက်နေ့ နံနက်ပိုင်းက အောင်ဆန်းမြို့ သစ်ရပ်အတွင်းရှိ ‘ကျော်’ စက်သုံးဆီဆိုင်ကို လူ တစ်စုက ဝင်ရောက် ဖျက်ဆီးခဲ့သဖြင့် မြို့မရဲစခန်းက စုံစမ်းဖော်ထုတ်ရာ မောင်နိုင် (ခ) ငနိုင်၊ စိုးလင်းနိုင်နှင့် တင်မောင်ထွန်းတို့ကို ဖမ်းဆီးခဲ့ပြီး (ပ)၁၁၃/၂၀၁၃ ပုဒ်မ ၃၉၂/၄၄၇/၄၂၇/၁၁၄ ဖြင့် အမှုဖွင့်၍ မတ်လ ၂၇ ရက်နေ့ မိတ္ထီလာမြို့နယ် တရားရုံးသို့ တရားစွဲဆိုရန် တင်ပို့ခဲ့ကြောင်း ရဲမှတ်တမ်း အရ သိရသည်။

ယင်းအမှုကို မိတ္ထီလာမြို့နယ် တရားရုံးက ပြစ်မှုကြီးအမှတ် ၁၂၈၈/၂၀၁၃ ဖြင့် လက်ခံကြားနာ စစ်ဆေးပြီး ပြစ်မှုထင်ရှားသော မောင်နိုင် (ခ) ငနိုင်ကို ပြစ်မှု ဆိုင်ရာ ဥပဒေပုဒ်မ ၄၂၇ အရ ထောင်ဒဏ် ၂ နှစ်နှင့် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၄၇ အရ ထောင်ဒဏ်သုံးလ သီးခြားစီကျခံစေရန် အမိန့်ချမှတ်ခဲ့ပြီး စိုးလင်းနိုင်နှင့် တင်မောင်ထွန်းတို့ နှစ်ဦးကို ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၂၅၈ (၁) အရ တရားသေ လွှတ်လိုက်ကြောင်း အဆိုပါ တရားရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

မိတ္ထီလာ ပဋိပက္ခ ဖြစ်စဉ်အတွင်း လူသတ်မှု၊ မီးရှို့မှု၊ လုယက်မှု၊ အကျိုးဖျက်ဆီးမှု၊ ပြည်သူပိုင်ပစ္စည်း ဖျက်ဆီးမှု၊ အရေးအခင်း ဖြစ်ပေါ်အောင် သွေးထိုးလှုံ့ဆော်မှု ကျုးလွန်သူများကို ရဲတပ်ဖွဲ့က စုံစမ်းဖော် ထုတ်ရာ အမှု ၄၇ မှုဖြင့် ပါဝင်ပတ်သက်သူ ၈၂ ဦးကို ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း သက်ဆိုင်ရာ မြို့နယ် ရဲမှတ်တမ်းများအရ သိရသည်။

The Voice Weekly

0 comments:

Post a Comment