Wednesday, July 24, 2013

ရန်ကုန်မြို့လယ် ဖုန်းအရောင်းဆိုင် ဖောက်ထွင်းခံရ

ရန်ကုန်မြို့လယ် လူစည်ကားသော နေရာတစ်ခုဖြစ်သည့် ကျောက်တံတား မြို့နယ်၊ ၃၅လမ်း (အထက် ဘလောက်) ရှိ Net Asia Mobile and Network Solution ဖုန်းအရောင်းဆိုင်တွင် ဇူလိုင်လ ၂၁ ရက် နံနက် ၁ နာရီခန့်က ကျပ်၂၇ သိန်း ကျော်ဖိုး ဖောက်ထွင်းခံရမှု ဖြစ်ပွားခဲ့ကြောင်း ဆိုင်ရှင်က The Voice သို့ပြောကြားသည်။

ယင်းဆိုင်ရှင် နေထိုင်ရာ ကျောက်တံတား မြို့နယ်၊ (၂) ရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်း လမ်းရှိ နေအိမ် သို့ တစ်လမ်းတည်းနေထိုင်သူ တစ်ဦးက ဖုန်းဆိုင်၏ ရှေ့တံခါး ပွင့်နေကြောင်း လာရောက်ပြောကြား သဖြင့် ဆိုင်သို့ သွားရောက်ကြည့်ရှုရာ ဆိုင်အတွင်း မှန်ဗီရိုထဲမှ Samsung ဖုန်းအမျိုးအစား သုံးလုံး၊ Huawei ဖုန်းအမျိုးအစား ၁၁ လုံး၊ ငွေဖြည့်ကတ် ၁၃၆ကတ်နှင့် ဖုန်းဆိုင် အံဆွဲ အတွင်းရှိ ငွေ ခုနစ်သောင်းကျော် အပါအဝင် စုစုပေါင်းတန်ဖိုးကျပ် ၂၇ သိန်း ကျော်ဖိုး ဖောက်ထွင်းခိုးယူခံရသည်ကို သိရှိရကြောင်း ယင်းဆိုင်၏ အစုရှယ်ယာဝင် ဦးအောင်ကိုကိုဆက်က ပြောကြားသည်။

အဆိုပါ ခိုးယူသူများသည် သော့ကို ဖျက်ဆီးခြင်းမပြုဘဲ ကွန်ကရစ် အတွင်းရှိ သော့ အုံခေါင်း ကို ဆောက်ဖြင့် ဖွင့်ခဲ့ကြောင်း ဆိုင်အတွင်းရှိ လုံခြုံရေးကင်မရာ မှတ်တမ်း အရ နံနက် တစ်နာရီ ဝန်းကျင်ခန့်တွင် ဖောက်ထွင်းခြင်းဖြစ်ပြီး အမျိုးသားနှစ်ဦး ပါဝင်ကြောင်း၊ ဖုန်းအရောင်းဆိုင်သည် သူငယ်ချင်းနှစ်ဦး အကျိုးတူဖွင့်လှစ်ထားခြင်း ဖြစ်ပြီး ဆိုင်သက်တမ်းသည် ခြောက်လသာ ရှိသေးကြောင်း ၊ ထပ်မံ ဖောက်ထွင်းမှု မဖြစ်ပွားရန် တံခါးများကို ပိုမိုခိုင်ခံ့အောင် ပြင်ဆင်လျက်ရှိကြောင်း ဦးအောင်ကိုကိုဆက်က ဆိုသည်။

အဆိုပါ ဖုန်းဆိုင်အတွင်း ဝင်ရောက်အခိုးခံရမှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေး လျက်ရှိပြီး (ပ) ၂၅၈/၂၀၁၃၊ ပြစ်မှု ပုဒ်မ-၃၈၀ ဖြင့် အမှုဖွင့်ထားကြောင်း ကျောက်တံတား မြို့နယ် ရဲစခန်းထံမှ စုံစမ်း သိရှိရသည်။

၂၀၁၃ ခုနှစ် ဇူလိုင်လ ၉ ရက်နေ့က လှိုင်သာယာမြို့နယ်၊ နဝဒေးအိမ်ရာ၊ (၅) ရပ်ကွက် ဗိုလ်ချုပ်လမ်းရှိ ဖုန်းအရောင်းဆိုင်တွင် ဖုန်းဟန်းဆက်နှင့် ငွေသားအပါအဝင် ကျပ်သိန်းလေးဆယ်ခန့် ဖောက်ထွင်း ခံခဲ့ရကြောင်း လှိုင်သာယာမြို့နယ် ရဲစခန်းရုံး၏ စာရင်းများအရ သိရှိရသည်။

အလားတူ အင်းစိန်မြို့နယ် နံ့သာကုန်း ရပ်ကွက်၊ လမ်းသစ်လမ်းရှိ it (အိုင်တီ)အမည် ရှိ မိုဘိုင်းလ်ဖုန်း အရောင်းဆိုင်တွင် ဇူလိုင်လ ၁၃ ရက်နေ့ ညက ဖောက်ထွင်းမှု ဖြစ်ပွားခဲ့ရာ ဖုန်းဟန်းဆက်များ လက်တော့ပ် တစ်လုံး နှင့် ငွေဖြည့်ကတ်များ အပါအဝင် ကျပ်သိန်း ခြောက်ဆယ်ကျော်ဖိုး ဆုံးရှုံးခဲ့ပြီး အင်းလျားလမ်းပေါ်ရှိ ဖက်ရှင်ဆိုင်တွင် ဇူလိုင်လ၂၁ ရက် နေ့ညက ကျပ်သိန်း ၆၀၀ကျော် တန်ဖိုးရှိ ပစ္စည်းများ ဖောက်ထွင်းခံခဲ့ရသည်။
 The Voice 

0 comments:

Post a Comment