Wednesday, July 31, 2013

ခရီးသည်နှစ်ဆ မြင့်တက်မှုကြောင့် ဗုဒ္ဓဂယာသို့ လေကြောင်းလိုင်းများ တိုးချဲ့ပြေးဆွဲမည်

ယခုနှစ် ခရီးသွားကာလတွင် ဗုဒ္ဓဂယာဘုရားဖူးခရီးသည် နှစ်ဆခန့် မြင့်တက်မှုကြောင့် ဗုဒ္ဓဂယာသို့ လေကြောင်းလိုင်းများ တိုးချဲ့ပြေးဆွဲသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အသင်း
ထံမှ စုံစမ်းသိရှိရသည်။ ဘုရားဖူးရာသီဖြစ်သော စက်တင်ဘာလမှစ၍ Asia Wings လေကြောင်း လိုင်းနှင့် Golden Myanmar လေကြောင်းလိုင်းတို့က စနေ၊ တနင်္ဂနွေနေ့များတွင် စင်းလုံး ငှားလေယာဉ် စတင် တိုးချဲ့ ပြေးဆွဲပေးမည် ဖြစ်ပြီး MAI ကလည်း ခရီးစဉ်ကို တစ်ပတ်လုံး တိုးချဲ့ပြေး ဆွဲပေးမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း အဖွဲ့ဝင်၊ ဗုဒ္ဓဂယာ ဘုရား ဖူးစေလွှတ်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဦးမောင်မောင်အေးက ပြောကြားသည်။ MAI လေကြောင်းလိုင်း က ရန်ကုန်-ဗုဒ္ဓဂယာ ခရီးစဉ်ကို လေးရက်၊ မန္တလေး-ဗုဒ္ဓဂယာ ခရီးစဉ်ကို သုံးရက် ပြေးဆွဲပေးမည်ဖြစ်ပြီး India Airways လေကြောင်း လိုင်းက ရန်ကုန်-ဗုဒ္ဓဂယာ ခရီးစဉ်ကို နှစ်ရက်၊ ရန်ကုန်-ကာလကတ္တား ခရီးစဉ်ကို တစ်ရက် ပြေးဆွဲပေး မည်ဖြစ်ကြောင်း၊ Asia Wings, Golden Myanmar နှင့် မြန်မာ့လေကြောင်း စသည့် လေကြောင်းလိုင်း များကလည်း စင်းလုံးငှား ပြေးဆွဲပေးသွားမည် ဖြစ်ကြောင်း ၄င်းက ရှင်းပြသည်။ “ပုံမှန်ကတော့ စက်တင်ဘာလကုန် သွားတာပါ။ Booking တွေက အခုကတည်းက ကြိုတင်ကြတယ်။ အခု ခရီး စဉ်တွေကို စောထားတယ်။ ဟိုမှာက လုံခြုံရေး ကိစ္စတွေ ရှိပေမယ့် သူ့ရာသီရောက်တော့လည်း သွားကြ တာပဲ” ဟု MAI လေကြောင်းလိုင်းမှ ဒေါ်အေးမရသာက ဆိုသည်။ MAI လေကြောင်းလိုင်းက ခရီးစဉ် များကို သြဂုတ်လလယ်တွင် စတင်မည် ဖြစ်ကြောင်းနှင့် India Airways လေကြောင်းလိုင်းက စက်တင်ဘာလ နောက်ဆုံးပတ်တွင် စတင်မည်ဖြစ်ကြောင်း ကျန်လေကြောင်းလိုင်း များ၏ ခရီးစဉ်များ အောက်တိုဘာလတွင် စတင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အသင်း ဗုဒ္ဓဂယာ ဘုရားဖူးစေလွှတ်ရေး လုပ်ငန်းကော်မတီထံမှ စုံစမ်းသိရှိရသည်။ ယခင်နှစ် ခရီးသွား ရာသက ဘုရားဖူးခရီးသည် သုံးသောင်းခွဲခန့်သာရှိပြီး ယခုနှစ်တွင် ခြောက်သောင်းကျော်အထိ တိုးမြင့် ခဲ့သောကြောင့် Asia Wings လေကြောင်းလိုင်းနှင့် Golden Myanmar လေကြောင်းလိုင်းများက တိုးချဲ့ ပျံသန်းခဲ့ကာ MAI လေကြောင်းလိုင်းကလည်း ခရီးစဉ်ကို တိုးချဲ့ပြေးဆွဲခဲ့ခြင်း ဖြစ်ကြောင်း ကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်အေးက ပြောကြားခဲ့သည်ဟု ၂၀၁၃ ခုနှစ် ဇူလိုင်လ ၃၀ ရက်နေ့ထုတ် The Voice Daily သတင်းစာတွင် ဖော်ပြထားပါသည်။

ခေတ်လူငယ်

0 comments:

Post a Comment