ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၏ ရေရှားပါးမှု အခက်အခဲအား
ကူညီဖြေရှင်းပေးနိုင်ရန်အတွက် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်သူ
ဦးစံလင်း ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မည်ဖြစ်သော စိမ်းလန်းစို
ပြည်သာယာရေးဖောင်ဒေးရှင်းကို ဖွဲ့စည်းတည်ထောင်လိုက်ပြီဖြစ်သည်။
တောင်ကြီးမြို့တွင် တစ်နှစ်ထက် တစ်နှစ်ထက် ရေရှားပါးမှု ပိုမိုလာသောကြောင့် ယင်းအသင်းကို ဖွဲ့စည်း လိုက်ခြင်းဖြစ်ပြီး အဆိုပါ ဖောင်ဒေးရှင်းမိတ်ဆက်ခြင်း အခမ်းအနားကို ဇူလိုင် ၂၁ ရက်က တောင်ကြီး ဟိုတယ်တွင် ကျင်းပသည်။
ဖောင်ဒေးရှင်းဖွဲ့စည်းရခြင်းနှင့်
ပတ်သက်ပြီး တောင်ကြီးမြို့ ရေရရှိရေး၊ ရေအရင်းမြစ်ထိန်းသိမ်းရေးနှင့်
စိမ်းလန်းစိုပြည်သာယာရေး ဖောင်ဒေးရှင်းအသင်းဥက္ကဋ္ဌ၊
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစံလင်းက “ကျွန်တော်တို့တောင်ကြီးမှာ
ရေရှားပါးမှုတွေက မြို့သာယာ လှပမှုကို ခြိမ်းခြောက်လာနေပြီဖြစ်တယ်။
ရေတိုဖြေရှင်းနည်းတွေဖြစ်တဲ့ မြေအောက်ရေတွေ(ခ)အဝီစိတွင်းရေတွေ တူးထုတ်
သုံးစွဲနေကြတာ အနာဂတ်ကာလအတွက် အင်မတန်စိုးရိမ်နေရပါတယ်။ ရေရှည်မှာ
မြေအောက်ရေပါ ခမ်းခြောက်လာနိုင် ပါတယ်။ တစ်ဦး တစ်ယောက်တည်း တစ်စုတစ်ဖွဲ့တည်း
စွမ်းဆောင်နိုင်ခြင်းမရှိတဲ့ အတွက် အားလုံး ပူးပေါင်းပြီးတော့
လုပ်ဆောင်ဖို့ သည်ဖောင်ဒေးရှင်းလေးကို ဖွဲ့စည်းရခြင်း ဖြစ်ပါတယ်” ဟု
မဇ္ဈိမကို ပြော သည်။
တောင်ကြီးမြို့တွင်
သဘာဝစိမ့်စမ်းရေရရှိရန် နှင့် ထိန်းသိမ်း သိုလှောင်ရန် လိုအပ်ပြီး
ယင်းလိုအပ်ချက် များကို အစိုးရနှင့် ပြည်သူလူထုပူးပေါင်းဆောင်ရွက်ရန် လိုအပ်သည်ဟုလည်း ဦးစံလင်းက ပြောသည်။
ယင်းသို့ ဖောင်ဒေးရှင်း တည်ထောင်ခြင်းနှင့် ပတ်သက်ပြီး နမ့်ခုံးပရဟိတအသင်း
ဥက္ကဋ္ဌ ဦးစိုင်းထွန်းမြ ကလည်း “၂၁ရာစုကာလမှာ ရေကြောင့်ပြဿနာတွေ
ဖြစ်လာနိုင်တယ်။ ပြီးတော့ ကျွန်တော်တို့ တောင်ကြီးမြို့လည်းရေပြဿနာကြောင့်
ပျက်စီးသွားနိုင်ပါတယ်။ သည်တော့ တောင်ကြီးမြို့ ရေရှည်တည် တံရေး၊
မြို့စိမ်းလန်းသာယာဖို့အတွက် အားလုံး ဝိုင်းဝန်းပြီး ယခုလို ပူးပေါင်း
ဆောင်ရွက်ရခြင်း ဖြစ်ပါတယ် ” ဟု မဇ္ဈိမကို ပြောသည်။
တောင်ကြီးမြို့တွင် ယင်းသို့ မြို့သာယာလှပရေးအတွက် ဆောင်ရွက်ရာတွင်
အမှိုက်ပြဿနာမှ စတင် ဆောင်ရွက်သွားမည် ဖြစ်ပြီး အမှိုက်ကောက်ရန်အတွက်
စည်ပင်သာယာသို့ အရင်ဆုံးမေးမြန်းမည်ဖြစ်ရာ စည်ပင်မှလုပ်ဆောင်ရန်
ဘတ်ဂျက်မရှိပါက အသင်းအနေဖြင့် ဆောင်ရွက်သွားမည်ဟုလည်း ဦးစိုင်းထွန်းမြက
ပြောသည်။
အမှိုက်နှင့်ပတ်သက်၍ လုပ်ဆောင်ခြင်းနှင့် ပတ်သက်ပြီး ၎င်းက
“စည်ပင်သာယာကို ဆက်သွယ်ပြီး သူတို့ လုပ်ဆောင်နေတာတွေ မေးမယ်။ သူတို့
ဘတ်ဂျက်မရှိဘူးဆို ကျွန်တော်တို့ လုပ်မယ်။ ပူးပေါင်း လုပ်ဆောင်နိုင်ရင်
ပူးပေါင်းမယ်” ဟု ဆိုသည်။
တောင်ကြီးမြို့တွင် ရေထွက် ၁၂ ခု
ခန့်ရှိပြီး ပြုပြင်ထိန်းသိမ်းထားမှု အားနည်းကြောင်းနှင့်
ယင်းရေထွက် များအားပြုပြင် ဆည်ယူပြီး ရေသိုလှောင်သုံးစွဲသင့်ကြောင်း
ပွဲတက်ရောက်သူ တစ်ဦးကလည်း သုံး သပ်ပြော ဆိုခဲ့သည်။
တောင်ကြီးမြို့ရေရရှိရေး၊ ရေအရင်းမြစ်ထိန်းသိမ်းရေးနှင့် စိမ်းလန်းစိုပြည်
သာယာရေးဖောင်ဒေးရှင်း အသင်း ဖွဲ့စည်းဆွေးနွေးပွဲသို့
အရပ်ဘက်လူ့အဖွဲ့အစည်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပြည်သူ့ လွတ်တော်
ကိုယ်စားလှယ်များ၊ တိုင်းရင်းသား စာပေယဉ်ကျေးမှု အသင်းများ၊ မြို့မိ
မြို့ဖများ စုစုပေါင်း ၅၅ ဦး တက်ရောက်သည်။
တောင်ကြီးမြို့ရေရရှိရေး၊ ရေအရင်းမြစ် ထိန်းသိမ်းရေးနှင့်
စိမ်းလန်းစိုပြည်သာယာရေး ဖောင်ဒေးရှင်း အသင်းအတွက် ကနဦး မတည်အလှူငွေ
စုစုပေါင်း ကျပ် ၃၁၅ သိန်း စေတနာရှင်များက မတည် လှူဒါန်းပေး ထားကြောင်းသိရသည်။
မဇ္ဈိမ
0 comments:
Post a Comment