Tuesday, July 23, 2013

ဗိုလ်ချုပ်အောင်ဆန်း လက်ရေးမူ ပြန်မပို့က အရှင်ဆန္ဒာဓိက ဆန္ဒထုတ်ဖော် မည်ဟုဆို


အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ၁၉၃၃ ခုနှစ် ကျောင်းသား ဘဝက ရေးသားခဲ့သော ပါဠိဘာသာ မှတ်စု စာအုပ်ကို ရေနံချောင်းမြို့ တွင် ပြန်မထားပါက ယင်းမြို့ဇာတိ ဆရာတော် အရှင်ဆန္ဒာဓိက ဆန္ဒ ထုတ်ဖော်မည်ဖြစ်ကြောင်း ဆရာတော်၏ မိန့်ကြားချက်ကို ကိုးကား၍ ဒေသခံများက The Voice သို့ ပြောကြားသည်။

ဆရာတော်က ဗိုလ်ချုပ် လက်ရေးမူကို ရေနံချောင်းမြို့တွင် ပြန်ထားရန် မိန့်ကြားသည်ကို အသံသွင်း ထားသော စီဒီခွေများ လိုက်လံ ဖြန့်ဖြူးရင်း မြို့ခံလူထု၏ သဘောထား လက်မှတ်များ ကောက်ခံသွားမည်ဖြစ်ကြောင်း ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးကျော်ဆန်းဦးက ဆိုသည်။

ဗိုလ်ချုပ် လက်ရေးမူ ပြန်မထားပါက ရေနံချောင်းမြို့တွင် နှစ်စဉ် ပြု လုပ်သော ရွှေပါရမီ ပညာရည်ချွန် ဆုပေးပွဲသို့ ဆန္ဒထုတ်ဖော်သည့် အနေနှင့် ကြွမည် မဟုတ်သကဲ့သို့ ရေနံချောင်းမြို့ အထက (၁) ကျောင်းရှိသည့် နေရာ ကိုလည်း ခြေဦးလှည့်တော့မည် မဟုတ်ကြောင်း ဆရာတော် အရှင်ဆန္ဒာဓိက က မိန့်ကြားသည်။

“ဒီလက်ရေးမူက အသည်းနှလုံးပေါင်း များစွာကို ကိုယ်စားပြုတာဆိုတော့ မြို့သူ မြို့သားအားလုံး၊ တစ်ဦး တစ်ယောက် မကျန်ရဲ့ အသည်းနှလုံး ကို ဖြုတ်ယူသွားသလိုပါပဲ။ ဆိုတော့၊ အသည်းနှလုံးကို ချမ်းသာပေး ပါ ပေါ့နော်” ဟု ဆရာတော်က မိန့်သည်။

ဗိုလ်ချုပ်အောင်ဆန်း၏ လက်ရေးမူ စာအုပ်ကို ရန်ကုန်မြို့ တာဝါလိန်းလမ်းရှိ ဗိုလ်ချုပ်ပြတိုက်တွင် ပြသထားမည်ဖြစ်ပြီး လက်ရေးမူ မိတ္တူ စာအုပ်ကို သာ ရေနံချောင်းမြို့သို့ ပြန်ပို့မည်ဟု အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြောကြားထားကြောင်း ဗိုလ်ချုပ်ကျောင်း (ဗိုလ်ချုပ်အောင်ဆန်း တက်ရောက်ခဲ့သည့် ကျောင်း) မူလတန်း ကျောင်းအုပ်
ဦးမင်းဟန်က ပြောကြားသည်။

ဗိုလ်ချုပ်အောင်ဆန်း၏ လက်ရေးမူ စာအုပ်မှာ ဆွေးမြည့်နေသဖြင့် ရေရှည် ထိန်းသိမ်းထားနိုင်ရေး အတွက် ရေနံချောင်းမြို့နယ် ပညာရေးမှူးနှင့် အထက (၁) ကျောင်းအုပ်ကြီးတို့က လှူဒါန်းခဲ့သည့်အတွက် (၆၆) နှစ်မြောက်
အာဇာနည်နေ့တွင် မှတ်တမ်းတင်လောက်သည့် လှူဒါန်းမှုဖြစ်ကြောင်း ဇူလိုင် ၂၀ ရက်နေ့ထုတ် နိုင်ငံပိုင် မီဒီယာများတွင် ဖော်ပြသည်။

ရေနံချောင်းမြို့ အထက (၁) ကျောင်းအုပ် ဆရာမကြီး ဒေါ်မူမူထွန်းက “ငှားရမ်းတာကိုလည်း ခွင့်မပြုခဲ့ဘူး။ မိတ္တူကူးခွင့်ပြုပါ ဆိုတာကိုလည်း ခွင့်မပြုခဲ့ဘူး။ ပျက်စီးသွားမှာစိုးလို့။ စာရွက်ကလေးတွေက နှစ် ရှစ်ဆယ်လေ။
ခဏလေး ယူပြပါရစေ ဆိုတာကိုလည်း ခွင့်မပြုခဲ့ဘူး။ အဲဒါတွေ တစ်ခုမှ ခွင့်မပြုခဲ့ဘူး” ဟု ဆိုသည်။

ယင်းသို့ တားမြစ်သော်လည်း လက်ရေးမူကို ထိန်းသိမ်းရန် နိုင်ငံတော်က တာဝန်ရှိပြီး ယဉ်ကျေးမှု ဝန်ကြီးဌာနတွင် အပ်နှံရမည်ဟု လွှတ်တော်အဖွဲ့ က ပြောဆိုပြီး ကျောင်းအုပ် ဆရာမကြီးနှင့် မြို့နယ် ပညာရေးမှူးတို့ကို အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က လက်မှတ် ထိုးစေကာ ယူဆောင်သွားခြင်းဖြစ်ကြောင်း ဒေါ်မူမူထွန်းက ပြောကြားသည်။

ဗိုလ်ချုပ်အောင်ဆန်း ကျောင်းသား ဘဝကို ဖြတ်သန်းခဲ့ဖူးသည့် ရေနံချောင်း မြို့တွင်သာ လက်ရေးမူ မူရင်း စာအုပ်ကို ထားရှိစေလိုကြောင်း ရေနံချောင်း မြို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးတင့်လွင်ကလည်း မှတ်ချက်ပြုသည်။

နတ်မောက်ဇာတိ ဗိုလ်ချုပ်အောင်ဆန်းသည် အသက် ၁၃ နှစ်သား အရွယ် တွင် ရေနံချောင်း အမျိုးသား အထက်တန်းကျောင်းသို့ ပြောင်းရွှေ့ ပညာ သင်ယူခဲ့ရာ ပညာ ထူးချွန်သဖြင့် သတ္တမတန်း တွင် အထက်တန်း ပညာ သင်ဆုနှင့် ဦးရွှေခိုဆုကို ရရှိခဲ့ပြီး ၁၉၃၂ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲ၌ ပါဠိနှင့် မြန်မာစာ ဂုဏ်ထူးများဖြင့် ‘အေ’ အဆင့်မှ အောင်မြင်ကာ ရန်ကုန်တက္ကသိုလ်သို့ ပြောင်းရွှေ့ ပညာ ဆည်းပူးခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်း ပညာ သင်ယူခဲ့ဖူးသည့် အမျိုးသား အထက်တန်းကျောင်းကို ရေနံချောင်းမြို့ ရွှေကြာငုံ ရပ်ကွက်တွင် မူလတန်းကျောင်းအဖြစ် ယခုအချိန်ထိ ဆက်လက် ဖွင့်လှစ်ထားပြီး ဒေသခံ များက ဗိုလ်ချုပ်ကျောင်းဟု အမည် သမုတ်ကြသည်။

The Voice Weekly

0 comments:

Post a Comment