ကချင်ပြည်နယ်တွင် ၂ နှစ်ကျော်ကြာ သွားလာမှု ပြတ်တောက်နေခဲ့သော မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအို လမ်းပိုင်းရှိ တံတားနှစ်စင်းကို ကျပ်သိန်းကိုးထောင် သုံးစွဲကာ ပြန်လည်ပြုပြင်သွားမည် ဖြစ်ကြောင်း ကချင်ပြည်နယ် ပြည်သူ့ဆောက် လုပ်ရေးလုပ်ငန်း တံတားအထူးအဖွဲ့ (၁၅) မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
တပ်မတော်နှင့် KIA တို့အကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ပျက်စီးခဲ့သည့် တံတားများအနက် ကနဦးပြုပြင်မှု အဖြစ် မူလာရှီးဒီ တံတားနှင့် ဖုန်အင်ခ တံတားနှစ်စင်း ပြုပြင်တည်ဆောက်မှုကို ယခုနှစ်အတွင်း ပြီးစီးအောင် ဆောင်ရွက် နိုင်မည်ဖြစ်ပြီး အသုံးစရိတ်များကို ၂၀၁၃-၁၄ ဘဏ္ဍာနှစ်အတွက် ရရှိသည့် ပြည်ထောင်စု ရန်ပုံငွေထဲမှ သုံးစွဲမည်ဖြစ်ကြောင်း ၄င်းက ရှင်းပြသည်။
ကချင်ပြည်နယ်၏ သယံဇာတထွက်ရှိရာ ဒေသသို့ ဆက်သွယ်ထားသည့် မြစ်ကြီးနား-တနိုင်း လမ်းပိုင်းရှိ တဝမ်တံတား ပြုပြင်ရန်အတွက် ကျပ်သိန်းနှစ်ထောင် သုံးခွင့်ရရှိထားသော်လည်း အသုံးစရိတ် မလောက်သဖြင့် ယခုနှစ်အတွင်း ပြီးစီးနိုင်မည် မဟုတ်ကြောင်း ၄င်းက ထပ်လောင်းပြောကြားသည်။
အထက်ပါ တံတားသုံးစင်း ပြုပြင်ရန်အတွက် မြစ်ကျောက်စရစ် ၇၉၆ ကျင်း၊ မြစ်သဲ ၄၇၇ ကျင်းနှင့် တောသစ် ၁၉၀ တန်တို့ကို ဝယ်ယူရန် ကချင်ပြည်နယ် ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းမှ တင်ဒါခေါ်ယူထားပြီး တင်ဒါလျှောက်လွှာများကို ဇူလိုင်လ ၁၀ ရက်နေ့မှ ၂၇ ရက်နေ့ အတွင်း ထုတ်ယူနိုင်ကြောင်း ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းက တရားဝင် ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံ၏ မြောက်ဘက်အစွန်ဆုံး ခရိုင်မြို့ဖြစ်သည့် ပူတာအိုမြို့တွင် တိုက်ပွဲများ အတွင်း တံတားများ မိုင်းခွဲဖျက်ဆီးခံ ခဲ့ရသဖြင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသွားကာ စားနပ်ရိက္ခာ မလုံလောက်မှုများ ဖြစ်ပေါ်ခဲ့ပြီး ဆန်တစ်ပြည်လျှင် ကျပ်ငါးထောင်ဝန်းကျင် အထိပင် ဈေးပေါက်ခဲ့ကြောင်း ဒေသခံများ၏ အဆိုအရ သိရသည်။
The voice weekly

0 comments:
Post a Comment