Tuesday, July 23, 2013

စီးပွားရေး မူဝါဒများကို အလျင်အမြန် အကောင်အထည်ဖော်မည်ဟု ရှင်ဇိုအာဘေး ကတိပြု



ဂျပန်နိုင်ငံ အထက်လွှတ်တော် ရွေးကောက်ပွဲတွင် ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၏ လစ်ဘရယ် ဒီမိုကရက်တစ် (LDP) ပါတီက လွှတ်တော် ကိုယ်စားလှယ် အရေအတွက် အများဆုံးဖြင့် အနိုင်ရရှိ သွားပြီးနောက် ၎င်း၏ စီးပွားရေး မူဝါဒများကို အလျင်အမြန် အကောင်အထည် ဖော်သွားမည်ဟု ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ကတိပြု ပြောကြားလိုက်ကြောင်း CNN သတင်းတွင် ဖော်ပြထားသည်။

ဂျပန် အထက်လွှတ်တော်တွင် အမတ်နေရာ စုစုပေါင်း ၂၄၂ နေရာ ရှိရာတွင် ထက်ဝက် ၁၂၁ နေရာ အတွက် ရွေးကောက်ပွဲ ပြုလုပ်ရာတွင် ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၏ LDP ပါတီနှင့် မဟာမိတ်များ က အမတ်နေရာ ၇၆ နေရာ ရရှိသွားခဲ့ရာ ဂျပန် အထက်လွှတ်တော်တွင် LDP ပါတီက အမတ်နေရာ စုစုပေါင်း ၁၃၃ နေရာဖြင့် အထက်လွှတ်တော်ကို ထိန်းချုပ် ထားနိုင်ခဲ့ခြင်း ဖြစ်သည်။

ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၏ LDP ပါတီသည် ဂျပန် အောက် လွှတ်တော် ဒိုင်းယက်တွင် အမတ်နေရာ အများစု ရရှိထားသော်လည်း ယခု အထက်လွှတ်တော် ရွေးကောက်ပွဲ မတိုင်မီအထိ အထက်လွှတ်တော်ကို အတိုက်အခံ အမတ်နေရာ အများစု ရရှိထားခဲ့သည်။

ဂျပန် အထက်လွှတ်တော်သည် အောက်လွှတ်တော်လောက် အာဏာ မရှိသော်လည်း အစိုးရပိုင်းက ပြုလုပ်သော ဥပဒေများကို တာဆီးနိုင်သည့် အခွင့်အရေး ရှိသည်။

ယခုအခါ အောက်လွှတ်တော်နှင့် အထက်လွှတ်တော် နှစ်ရပ်စလုံးကို ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေး ၏ LDP ပါတီက အမတ်နေရာ အများစုဖြင့် ထိန်းချုပ်နိုင်ပြီဖြစ်ရာ ဝန်ကြီးချုပ် အနေနှင့် ၎င်း၏ စီးပွားရေး မူဝါဒကဲ့သို့ မူဝါဒများကို လျင်လျင်မြန်မြန် အကောင်အထည်ဖော်နိုင်တော့မည် ဖြစ်သည်။

“ဂျပန် ပြည်သူတွေရဲ့ မျှော်လင့်ချက်တွေကို ဖြည့်ဆည်းပေးချင်ပါတယ်” ဟု အထက်လွှတ်တော် ရွေးကောက်ပွဲ အပြီးတွင် ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ပြောကြားသည်။

ယမန်နှစ် ဒီဇင်ဘာလက ဂျပန် ဝန်ကြီးချုပ် ဖြစ်လာသော ရှင်ဇိုအာဘေးသည် အာဘေး ဘောဂဗေဒ (Abenomic) ဟုခေါ်သော စီးပွားရေး မူဝါဒများကို စတင် ကျင့်သုံးခဲ့သည်။

လွန်ခဲ့သည့် ၁၅ နှစ်ခန့် ငွေကြေးကျုံ့ခြင်း(အထွေထွေ ကုန်ဈေးနှုန်းများ ကျဆင်းခြင်း) ပြဿနာနှင့် ရင်ဆိုင်နေရခြင်းကြောင့် စီးပွားရေး တန့်ရပ်မှုနှင့် ရင်ဆိုင်နေရသော ဂျပန် စီးပွားရေးကို ၎င်း၏ စီးပွားရေး မူဝါဒသစ် များဖြင့် ပြန်လည် မြှင့်တင်ရန် ကြိုးပမ်းနေခြင်း ဖြစ်သည်။

အာဘေး ဘောဂဗေဒအရ အစိုးရ အသုံးစရိတ် မြှင့်တင်ခြင်း၊ စီးပွားရေး အဆောက်အဦပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှု ပြုလုပ်ခြင်းနှင့် ဗဟိုဘဏ်၏ စီးပွားရေး လှုံ့ဆော်မှုများ ပြုလုပ်ခြင်းတို့ ပါဝင်သည်။

ကွန်ဆာဗေးတစ် ဝါဒီ ဖြစ်သော ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၏ အမျိုးသားရေးဝါဒ ဦးစားပေး မူဝါဒ သည် တရုတ် စသော အိမ်နီးချင်း နိုင်ငံ များနှင့် တင်းမာမှု မြင့်တက်စေနိုင်သည်။

ထို့ပြင် နိုင်ငံတကာ အငြင်းပွားမှုများတွင် ဂျပန်သည် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရေးအတွက်သာ အင်အားသုံးနိုင်ခြင်း ဟူသော ဂျပန် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဝန်ကြီးချုပ် ရှင်ဇိုအာဘေး အနေနှင့် ပြင်ဆင်ရန် ကြိုးပမ်းဖွယ်ရှိကြောင်း အဆိုပါ သတင်းတွင် ဖော်ပြထားသည်။

The Voice Weekly

0 comments:

Post a Comment