Apple Inc ဟာ သုံးစွဲသူများကို ၎င်းတို့ရဲ့ iPhone အဟောင်းများအား ပြန်လည် ဝယ်ယူပြီး နောက်ဆုံးပေါ် iPhone 5 ရရှိစေနိုင်ရန် ကူညီမယ့် အစီအစဉ် တစ်ခုကို မိုဘိုင်းဖုန်း ဖြန့်ဝေသူ ကုမ္ပဏီတစ်ခုဖြစ်တဲ့ Bright Star Corp နဲ့ လုပ်ဆောင်ဖို့ ပြင်ဆင်လိုက်ပါတယ်။ လက်ရှိအချိန်မှာ Apple ကုမ္ပဏီမှ လူသိရှင်ကြား မကြေညာသေးပေမယ့် ၎င်းကုမ္ပဏီကို မေးမြန်းသူများကတော့ အတည်ပြုခဲ့ပါတယ်။ Bright Star ဟာ AT & T နဲ့ T- Mobile အပါအဝင် လဲလှယ်မှု အစီအစဉ်များကိုလည်း ကိုင်တွယ်လျက်ရှိပြီး အသုံးပြုပြီးသား iPhone 4 နဲ့ iPhone 4s များကို ဝယ်ယူသွားမှာပါ။ ဖုန်းဟောင်းများအတွက် ပိုက်ဆံပေးချေ ပြန်လည်ဝယ် ယူခြင်းဖြင့် သုံးစွဲသူတွေကို ဖုန်းမော်ဒယ်အသစ်များ အသုံးပြုနိုင်စေရန် ကူညီသွားမှာ ဖြစ်ပါတယ်။
တင်မ်ကွတ်ဟာ ၎င်းရဲ့ iPhone အရောင်းဈေးကွက်နဲ့ ရှယ်ယာဈေးနှုန်း ကျဆင်းခြင်းကို ကာကွယ်ရန် ယခုလို ဆုံးဖြတ်ခဲ့တာပါ။ မက်ဆာချူးဆက်မှ သုတေသီများကတော့ သုံးစွဲသူတွေရဲ့ ကုန်ကျစရိတ်ကို လျော့ချ ပေးနိုင်တဲ့အတွက် ၎င်းတို့ရဲ့ ဖုန်းတွေ ပိုရောင်းရအောင် ကူညီနိုင်လိမ့်မယ်လို့ မှတ်ချက်ချပါတယ်။ Apple နဲ့ Bright Star တို့မှ ပြောရေးဆိုခွင့်ရှိသူတွေကတော့ ကြေညာချက် ထုတ်ပြန်ရန် ငြင်းဆန်လျက် ရှိပါတယ်။ AT & T ဟာ ကောင်းမွန်စာ အလုပ်လုပ်ပေးတဲ့ iPhone 4 နဲ့ iPhone 4s များကို ဒေါ်လာ ၂၀၀ အထိ ပေးဝယ်နေပြီး အနိမ့်ဆုံး iPhone 5 ကို ဝယ်ယူနိုင်မယ့် ပမာဏ ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်မှာ စမတ်ဖုန်း အသစ်များကို စမတ်ဖုန်း အဟောင်းနဲ့ လဲလှယ်သုံးစွဲတဲ့သူ စုစုပေါင်းဟာ အမေရိကန် လူဦးရေရဲ့ ၁၁ ရာခိုင်နှုန်း ရှိခဲ့ပြီး ယခုနှစ်မှာတော့ ၂၀ ရာခိုင်နှုန်းအထိ တိုးတက်လာမယ်လို့ ခန့်မှန်းရပါတယ်။
ပြီးခဲ့တဲ့ ဘဏ္ဍာရေး ကာလမှာ Apple ရဲ့ ဈေးကွက်ကြီးထွားမှုနှုန်း ကျဆင်းခဲ့ပြီး မေလမှာ ဆမ်ဆောင်းက အမေရိကန်အတွက် အကြီးဆုံး ဟန်းဆက် ရောင်းချသူ နေရာကို ရယူသွားခဲ့ပါတယ်။ ၂၀၁၃ ပထမ သုံးလပတ် ကာလမှာ iPhone ၃၇.၄ သန်း ရောင်းချခဲ့ရပြီး ယမန်နှစ် အလားတူ အချိန်က ၃၅.၁ သန်း ရောင်းချနိုင်ခဲ့ပါတယ်။ သုံးစွဲပြီးသား iPhone များကို ပြန်လည် ရောင်းချတဲ့ ဈေးကွက်လည်း ရှိတာကြောင့် iPhone ထုတ်ကုန်သစ်များကို ထိခိုက်စေပြီး ယခုလို ပြန်လည် လဲလှယ်ပေးခြင်းဖြင့် ရောင်းအားကို ထိန်းချုပ်နိုင်မှာပါ။ ယခု ကမ်းလှမ်းမှုကို Apple ရဲ့ ကိုယ်ပိုင် အရောင်းဆိုင်များမှာသာ ရရှိနိုင်မှာပါ။ Bright Star ဟာ ယခုနှစ်အတွင်း အသုံးပြုပြီး စက်ပစ္စည်း ၅ သန်းကျော် ပြန်လည်ဝယ်ယူ ရောင်းချပြီး ဖြစ်ပါတယ်။ ၎င်းတို့ရဲ့ ၈၀ ရာခိုင်နှုန်းကို အမေရိကန် နိုင်ငံမှ ရယူခဲ့ပြီး နိုင်ငံပေါင်း ၅၀ ကျော်က ဆိုင်ခွဲတွေမှာ ပြန်လည် ရောင်းချခဲ့တာပါ။
Yatanarpon
0 comments:
Post a Comment