
ဒီကနေ့နေ့လည်က ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်ထဲက မလိခလမ်းမှာရှိတဲ့ ကမ္ဘာ့ကုလသမဂ္ဂ မူးယစ် ဆေးဝါးနဲ့ ပြစ်မှုဆိုင်ရာရုံး (UNODC) မှာ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ RCSS ဥက္ကဌ၊ ရှမ်းပြည် တပ်မတော် SSA ခေါင်းဆောင် ဒု-ဗိုလ်ချုပ်ကြီး ရွက်ဆစ်နဲ့အတူ UNODC ရုံးမှ ဌာနေကိုယ် စားလှယ် Jason Eligh တို့ဟာ သတင်းစာ ရှင်းလင်းပွဲတစ်ခု ပြုလုပ်ခဲ့ပါတယ်။
ရှမ်းပြည်နယ်အတွင်း ဘိန်းနဲ့ မူးယစ်ဆေး တိုက်ဖျက်ရေး လုပ်ငန်းများ ဆောင်ရွက်ရာမှာ RCSS / SSA တပ်မတော် အနေနဲ့ မြန်မာနိုင်ငံအစိုးရ တပ်မတော်နဲ့အတူ လက်တွဲ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ RCSS / SSA ဥက္ကဌ ဒုတိယ ဗိုလ်ချုပ်ကြီး ရွက်ဆစ်က ပြောကြားခဲ့ပါတယ်။ နှစ်ဖက်အပစ်အခတ် ရပ်စဲရေး ကိုတော့ အစိုးရနဲ့ ဆောင်ရွက်ပြီး ဖြစ်တဲ့အတွက် ဒေသဖွံ့ဖြိုးရေးနဲ့ ဘိန်းစိုက်ပျိုးမှု ပပျောက်ရေးကို ဆောင်ရွက် သွားတော့မှာ ဖြစ်ကြောင်း၊ ဘိန်းအစားထိုး သီးနှံစိုက်ပျိုးရေး လုပ်ငန်းကို UNDOC နဲ့ လက် တွဲပြီး မိုးပန်နှင့် မိုးနဲ ဒေသတို့မှာ စံပြအဖြစ် စိုက်ပျိုး ဆောင်ရွက်သွားမှာဖြစ်ကြောင်း မူးယစ် သယ်ဆောင် ရောင်းဝယ်သူများ တားဆီးရေးအပိုင်းကို နိုင်ငံတော် အစိုးရ တပ်မတော် အပါအဝင် ကျန်အဖွဲ့အစည်း အားလုံးနဲ့ လက်တွဲဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ လည်းဆိုပါတယ်။

"အရင်က အစိုးရနဲ့ ကျွန်တော်တို့ကြားက မူးယစ်တိုက်ဖျက်ရေးက စာရွက်ပေါ်မှာပဲ ရှိခဲ့တယ်။ အခု အပစ် အခတ်ရပ်စဲ ပြီးနောက်ပိုင်း အစိုးရကလည်း ဒီကိစ္စကို တိုက်ဖျက်ဖို့ လိုလိုလားလား ရှိတဲ့အတွက် ကျွန်တော် တို့က လက်တွဲပြီး ဆောင်ရွက်သွားမှာပါ" ဟု ဒုတိယ ဗိုလ်ချုပ်ကြီး ရွက်ဆစ်က ပြောပါတယ်။
UNDOC ရဲ့ထုတ်ပြန်ချက်အရ ရှမ်းပြည်နယ်အတွင်းမှာ ဘိန်းစိုက်ပျိုး ဧက သောင်းနဲ့ချီ ရှိနေပြီး ဘိန်းစိုက် သူ အရေအတွက်ကတော့ တစ်သိန်းကျော်ရှိတယ်လို့ သိရပါတယ်။

ရတနာပုံသတင်း
0 comments:
Post a Comment