Sunday, June 2, 2013

ကေအိုင်အိုနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲရလဒ် အမေရိကန် ကြိုဆို

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ပြုလုပ်ခဲ့သည့် ကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီတို့ နှစ်ဖက်ဆွေးနွေးပွဲ ရလဒ်ကို အမေရိကန်ပြည်ထောင်စု အစိုးရက ကြိုဆိုပါကြောင်း အမေရိကန်အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ Ms.enPsaki က ပြောကြားသည်။

အမေရိကန်ပြည်ထောင်စု အစိုးရအဖွဲ့ရုံးတွင် မေလ ၃၁ ရက်နေ့ က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ၎င်းက အထက်ပါ အတိုင်း ပြောကြားခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် ပြည်ထောင်စုသံရုံး နိုင်ငံရေးအရာရှိ Ms. Erin E.Webster က အတည်ပြုပြောကြားသည်။

ယင်းဆွေးနွေးပွဲတွင် နှစ်ဖက်သဘောတူညီချက် ခုနစ်ရပ်အနက် ကချင်ပြည်နယ်အပါအဝင် နိုင်ငံတစ်ဝန်း အချိုးညီဖွံ့ဖြိုးရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ကေအိုင်အိုနှင့် အစိုးရတို့စကားဝိုင်းတွင် အဖြေရှာခြင်းနည်းကို ဆက်လက်ကျင့်သုံးသွားရန် အမေရိကန်ပြည်ထောင်စု အစိုးရက ထောက်ခံပါကြောင်း Ms. Erin E. Webster က ပြောကြားသည်။

“(ဆွေးနွေးပွဲနောက်ပိုင်း) အခြေအနေတွေကိုလည်း နီးနီးကပ်ကပ် ဆက်လက် စောင့်ကြည့်သွားပါမယ်” ဟု Ms.enPsaki က ဆိုသည်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲ ရလဒ် တိုးတက်လာသော်လည်း ပဋိပက္ခကြောင့် နေရပ် စွန့်ခွာ ထွက်ပြေးသူများ နှင့်ပဋိပက္ခ နယ်မြေတွင် နေထိုင်ရသူများထံ အရေးပေါ် အကူအညီများ၊ အစားအသောက်နှင့် နေထိုင်ရေး ကဲ့သို့သော လူသားချင်း စာနာထောက်ထားမှု အကူအညီများ ထောက်ပံ့ရာတွင် ကေအိုင်အိုနှင့် အစိုးရ နှစ်ဖက်စလုံးက ကူညီဆောင်ရွက် ပေးစေလိုကြောင်း မစ္စစ် Psaki က တောင်းဆိုသည်။

ကေအိုင်အိုနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကိုယ်စားလှယ် အဖွဲ့ တို့သည် ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် မေလ၂၈ ရက်နေ့ မှ ၃၀ ရက်နေ့ အထိ ငြိမ်းချမ်းရေး ဆွေးနွေးခဲ့ရာတွင် အပစ်အခတ်ရပ်စဲရေး ဆက်လက်ဆွေးနွေးရန် အတွက် နှစ်ဖက်သဘောတူညီချက် ခုနစ်ချက်ကို လက်မှတ်ထိုးနိုင်ခဲ့သည်။

ယင်းဆွေးနွေးပွဲသို့ အမေရိကန်နိုင်ငံနှင့် ဗြိတိန်နိုင်ငံတို့ကို လေ့လာသူအဖြစ် တက်ရောက်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံက ကန့်ကွက်သဖြင့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အထူးအကြံပေး ကိုယ်စားလှယ် ဗီဂျေနမ်ဗီးယားနှင့် တရုတ် သံတမန်ကိုယ်စားလှယ် အဖွဲ့ကိုသာ တက်ရောက်ခွင့်ပြုခဲ့သည်။

------------------------------------

The Voice Weekly

0 comments:

Post a Comment