Sunday, June 2, 2013

နိုင်ငံရေးပါတီများ၏ တရုတ်ခရီးစဉ် အမေရိကန်သံရုံး နိုင်ငံရေးအရာရှိမေးမြန်း


Sunday, June 02, 2013

တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ တစ်ပတ်ကြာ သွားရောက်ခဲ့သည့် မြန်မာနိုင်ငံ နိုင်ငံရေးပါတီငါးပါတီ၏ ခရီးစဉ်နှင့် ပတ်သက်ပြီး မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် ပြည်ထောင်စုသံရုံးမှ နိုင်ငံရေးအရာရှိ Ms.Erin E. Webster က မေးမြန်းခဲ့ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ နိုင်ငံရေးအကြံပေး ဦးတင်ဆန်းက The Voice သို့ပြောကြားသည်။

ဒီမိုကရေစီမိတ်ဆွေပါတီ ၁၀ ပါတီ ခေါင်းဆောင်များနှင့် နိုင်ငံရေးအရာရှိ Ms. Erin E. Webster တို့ အမေရိကန်သံရုံးတွင် မေလ ၃၁ ရက်နေ့က တွေ့ဆုံစဉ် မေးမြန်းခဲ့ခြင်းဖြစ်ကြောင်း ၎င်းကပြောကြား သည်။

တရုတ်-မြန်မာ စီးပွားရေးဆိုင်ရာ ပူးပေါင်းလုပ်ဆောင်မှုများတွင် ဒေသခံများ၏ ထိခိုက်နစ်နာမှုကို ထည့်သွင်းစဉ်းစားရန် တရုတ်ကုမ္ပဏီများကို ဗဟိုအစိုးရနှင့် ယူနန်ပြည်နယ် အစိုးရတို့ကညွှန်ကြား ထားကြောင်း၊ ယခင်က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့်သာ ထိတွေ့ဆက်ဆံခဲ့သော တရုတ်ကွန်မြူနစ် ပါတီသည် တိုင်းရင်းသားပါတီများ နှင့်လည်း ဆက်ဆံရေး တည်ဆောက် သွားမည်ဟု ပေါလစ်ဗျူရိုအဖွဲ့ဝင်များက ကတိပြုပြောကြားသည်ကို တရုတ်ခရီးစဉ်တွင် ပါဝင်သည့် ဦးတင်ဆန်းက Ms. Erin E. Webster ကို ပြန်လည်ရှင်းပြခဲ့ကြောင်း ၎င်းကဆိုသည်။

“လက်ပံတောင်း၊ မြစ်ဆုံနဲ့ ပိုက်လိုင်း စီမံကိန်းတွေနဲ့ ပတ်သက်လို့ မြန်မာတွေ တရုတ်မုန်းတီးရေး ဖြစ်နေတာကို တိုင်းရင်းသားပါတီတွေက ကြားခံအဖြေရှာပေးဖို့ ပြောတာတော့ လက်မခံဘူးဆိုတာ ပြောပြခဲ့တယ်” ဟု ဦးတင်ဆန်းကဆိုသည်။

မြန်မာနိုင်ငံရေး ပါတီငါးပါတီ၏ တရုတ်ခရီးစဉ်နှင့် ပတ်သက်၍ မေးမြန်းခဲ့သော်လည်း ယင်းကိစ္စနှင့် ပတ်သက်ပြီး Ms. Erin E. Webster က တစ်စုံတစ်ရာ မှတ်ချက်ပေးပြောဆိုခြင်း မရှိကြောင်း အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ အတွင်းရေးမှူး(၁) ဦးကြည်သန်းက ပြောကြားသည်။

“သူတို့ (အမေရိကန်သံရုံး နိုင်ငံရေး အရာရှိ) ဘက်က Information (သတင်း အချက်အလက်) ယူတဲ့သဘောပါ” ဟု ဦးတင်ဆန်းက ဆိုသည်။

တရုတ်ကွန်မြူနစ် ပါတီ၏ ဖိတ်ကြားချက်အရ တိုင်းရင်းသားပါတီသုံးခု၊ အမျိုးသား ဒီမိုကရေစီအင်အားစု ပါတီနှင့် တိုင်းရင်းသား စည်းလုံးညီညွှတ်ရေး ပါတီတို့ ဧပြီလအတွင်း တရုတ်ပြည်သူ့သမ္မတ နိုင်ငံသို့ တစ်ပတ်ကြာ သွားရောက်ခဲ့သည်။

The Voice Weekly

0 comments:

Post a Comment