Saturday, June 8, 2013

ဆင်းတုတော်မှ ကျောက်မျက်များ အတုနှင့် လဲထားဆိုမှု မဟုတ်မှန်

8/6/2013

ရန်ကုန်မြို့ ရွှေတိဂုံစေတီတော် ထီးတော်စေတီ သစ်သားဆင်းတုများရှိ ကျောက်မျက်ရတနာ အချို့အစား ဖန်စီကျောက်မျက် အတုများ အလဲခံထားရကြောင်း ဇွန် ၁ ရက်က အင်တာနက်သတင်းသည် မဟုတ်မမှန်ကြောင်း ဂေါပကအဖွဲ့ဝင်တစ်ဦးထံမှ သိရှိရသည်။

စေတီတော်ရင်ပြင် အရှေ့မြောက်ထောင့်တွင် တည်ထားသော စေတီတော်အတွင်းရှိ သစ်သားဆင်းတုလေးဆူ၌ မျက်နှာတော်နှင့် လည်ပင်းတော်များတွင် ကျောက်မျက်ရတနာများစီ၍ လှူဒါန်းထားသည့် ရွှေသင်းကျစ်တော်နှင့် ကျောက်စိမ်း၊ ပတ္တမြားအစစ်များ အစား ဖန်စီကျောက်အတုများကို လဲထားကြောင်း အင်တာနက် သတင်းတစ်ရပ်တွင် ထွက်ပေါ်လာ၍ ယင်းသတင်းနှင့် ဆက်စပ်၍ ပြည်သူများကြားတွင် သို့လောသို့လော စိတ်ဝင်တစား ဖြစ်နေကြသည်။ အဆိုပါသတင်းနှင့် စပ်လျဉ်း၍ သတင်းစဉ်က တာဝန်ရှိသူများထံ ဆက်သွယ်မေးမြန်းခဲ့ရာ ဂေါပကအဖွဲ့မှ ရုံးအဖွဲ့မှူး ဦးဝင်းကြိုင်က ''အဲဒီသတင်းက မဟုတ်မမှန်ပါဘူးဗျာ၊ ကျွန်တော်တို့ ဆင်းတုတော်တွေ အပါအဝင် အဖိုးတန်ပစ္စည်းတွေကို သော့နဲ့ သေချာခတ်ထားပါတယ်။

အလွယ်တကူဖြုတ်၊ တပ် ယူလို့မရအောင် စီစဉ်ဆောင်ရွက်ထားပါတယ်။ အခုဟာလည်း တချို့စေတီတွေမှာ ပြုတ်နေတဲ့ ကျောက်တချို့ကို ကြည့်ရမဆိုးအောင် တန်ဖိုးမရှိတဲ့ ကျောက် တချို့နဲ့တော့ ယာယီအစားထိုးတာ ရှိပါတယ်။ အခုပြောနေကြသလိုတော့ ကျောက်အစစ်တွေနဲ့ ဖန်စီကျောက် အတုတွေ လဲထားတယ်ဆိုတာတော့ မဟုတ်ပါဘူး'' ဟု ရှင်းလင်း ပြောကြားခဲ့ကြောင်း ၂၀၁၃ ခုနှစ် ဇွန်လ ၈ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။

မြန်မာ့အလင်းသတင်းစာ

0 comments:

Post a Comment