Tuesday, June 11, 2013

မြန်မာနိုင်ငံ၏ အဂတိလိုက်စားမှု လူ့အသိုင်းအ၀ိုင်းအတွင်း ယဉ်ကျေးမှု တစ်ခုသဖွယ် ဖြစ်လာခြင်းသည် နိုင်ငံအတွက် ၀မ်းနည်းစရာ၊ ရင်လေး စရာ ဖြစ်ကြောင်း ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ပြောကြား

Tuesday, 11 June 2013


မြန်မာနိုင်ငံ၏ အဂတိလိုက်စားမှု လူ့အသိုင်းအ၀ိုင်းအတွင်း ယဉ်ကျေးမှု တစ်ခုသဖွယ် ဖြစ်လာခြင်းသည် နိုင်ငံအတွက် ၀မ်းနည်းစရာ၊ ရင်လေးစရာ ဖြစ်သည်ဟု ဇွန် ၁၀ ရက်တွင် နေပြည်တော်ရှိ MICC တွင် ပြုလုပ်ခဲ့သော ပွင့်လင်းမြင်သာရေးနှင့် ဖြောင့်မတ်ရေး အလုပ်ရုံ ဆွေးနွေးပွဲ၌ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ပြောကြားသည်။

''အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဆွေးနွေးသုံးသပ်ကြရာမှာ ကျွန်တော်တို့ ၀န်ထမ်းတွေရဲ့ လစာကိစ္စကို ချန်ထားလို့မရပါ။ နိုင်ငံတော် အစိုးရအနေနဲ့ ၀န်ထမ်းများရဲ့ ၀င်ငွေတိုးလာအောင် နှစ်ကြိမ်ဆောင်ရွက် ပေးခဲ့ပေမယ့် ကျေနပ်အားရလောက်တဲ့ အဆင့်ရောက်ဖို့ အလှမ်းဝေးပါသေးတယ်။ ဒါကလည်း နိုင်ငံတော်ရဲ့ ဘဏ္ဍာငွေကြေး အခြေအနေအရ အကန့် အသတ်တွေ ရှိနေတဲ့ကြား က ဆောင်ရွက်ပေးနေရ တာ ဖြစ်ပါတယ်'' ဟု ဒုတိယသမ္မတက ပြောကြားသည်။

မြန်မာနိုင်ငံသည် Corruption Perception Index အဆင့်ကို ကြည့်ပါက ကမ္ဘာ့နိုင်ငံ ၁၇၄ နိုင်ငံထဲမှ အဆင့် ၁၇၀ ကျော် သတ်မှတ်ခဲ့ကြောင်း၊ မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် ကျင်းပပြီးစီးခဲ့သော WEF ၏ နိုင်ငံ
တကာ တွေ့ဆုံခန်းများတွင် မြန်မာနိုင်ငံသည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု နည်းပါးခြင်း၊ ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံစာရင်းတွင် ပါရှိခြင်း၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ၀င်လာမှု နည်းပါးခြင်းတို့သည် အဂတိ လိုက်စားမှုကြောင့် တစ်ခုအပါအ၀င် ဖြစ်ကြောင်း သိရသည်။

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ''အတိတ်ကို ပြန်ကြည့်တဲ့အခါ အကြွင်းမဲ့အာဏာဟာ လူကို အကြွင်းမဲ့ ပျက်စီးစေတယ် ဆိုတာကို ဦးစီးဦးဆောင်တဲ့ အပိုင်းက သိရှိနားလည်ပုံ အားနည်းခဲ့ကြတယ်လို့ ဝေဖန် သုံးသပ်ခဲ့ကြပါတယ်။ လက်ရှိနိုင်ငံတော် အစိုးရအနေနဲ့ သမိုင်းရဲ့ အမွေဆိုး၊ အမွေကောင်းတွေကို ဆက်ခံရမှာ ဖြစ်ပါတယ်။ အစိုးရသစ်အဖြစ် ဖွဲ့စည်းပြီးတဲ့နောက် ဗဟိုချုပ်ကိုင်မှု ဖြေလျော့ရေးအတွက် ဗဟိုပြုအာဏာ မူဝါဒအစား အောက်ခြေပြည်သူလူထု အခြေပြုတဲ့ မူဝါဒကို ချမှတ်ကျင့်သုံးနေပြီး ဖြစ်ပါတယ်'' ဟု ပြောကြားသည်။

ဒုတိယသမ္မတက ဆက်လက်ပြောကြားရာတွင် ''ယခုကြုံတွေ့နေတဲ့ အဂတိလိုက်စားမှုဟာ လူ့ပတ်ဝန်းကျင် အသိုင်းအ၀ိုင်း၊ ၀န်ထမ်းလောက အသိုင်းအ၀ိုင်းအတွင်း ကြိမ်ဖန်များစွာ နေရာပေါင်းများစွာမှာ ဖြစ်ပေါ်နေ
ရင်းက အဂတိလိုက်စားမှုဆိုတာ တရားဥပဒေကို ကျောခိုင်းတဲ့လုပ်ရပ်၊ မိမိ၏ဂုဏ်သိက္ခာ၊ နိုင်ငံတော်၏ ဂုဏ်သိက္ခာ၊ ၀န်ထမ်းဆိုတဲ့ ဂုဏ်ယူစရာ ကောင်းတဲ့ ဂုဏ်သိက္ခာများကို မျက်ကွယ်ပြုလာပြီး မြန်မာနိုင်ငံ လူ့အသိုင်း အ၀ိုင်းအတွင်း ယဉ်ကျေးမှုတစ်ခုသဖွယ် ဖြစ်လာတာဟာလည်း နိုင်ငံ အတွက်ဝမ်းနည်းစရာ ရင်လေးစရာပဲ ဖြစ်ပါတယ်'' ဟု ပြောကြားသည်။
EMG

0 comments:

Post a Comment