Saturday, June 29, 2013

အမှန်တကယ်အလုပ်ဖြစ်နိုင်သည့် ကုမ္ပဏီများကိုသာ ဆက်သွယ်ရေးလိုင်စင် ချပေးဟုဆို

ရန်ကုန်၊ ဇွန် ၂၈


ဆက်သွယ်ရေး လုပ်ကိုင်ခွင့် ဆုံးဖြတ်ရာတွင် ကုမ္ပဏီများက ပေးအပ်သော အကူအညီ၊ အစိုးရနှင့် ဆက်ဆံရေး ကောင်းမွန်ခြင်းနှင့် ဘာသာရေးနှင့် သက်ဆိုင်သည်တို့ကို ထည့်သွင်း တွက်ချက်ခြင်းမရှိဘဲ အမှန်တကယ် အလုပ်ဖြစ်နိုင်သည့် ကုမ္ပဏီများကိုသာ လုပ်ထုံးလုပ်နည်း ၂၀၀ ခန့်ဖြင့် စနစ်တကျ ရွေးချယ်ခြင်းဖြစ်ကြောင်း ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ ဆက်သွယ်ရေး အော်ပရေတာ တင်ဒါ ခေါ်ယူခြင်းနှင့် ရွေးချယ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဆက်အောင်က The Voice သို့ ပြောကြားသည်။

နော်ဝေ အစိုးရက ရှယ်ယာ ထက်ဝက်ကျော် ပိုင်ဆိုင်ထားသည့် တယ်လီနော ကို ရွေးချယ်ခဲ့မှုသည် မြန်မာ့ ငြိမ်းချမ်းရေးလုပ် ငန်းစဉ်များတွင် နော်ဝေ အစိုးရက အဓိက နေရာမှ ပါဝင် ကူညီမှုများ ရှိနေသောကြောင့် ဖြစ်နိုင်သည် ဆိုသော ပြောဆိုချက်များကိုလည်း ၎င်းက ငြင်းဆိုသည်။

"အစိုးရနဲ့ ပနံသင့်တာတွေ ဘာတွေ ကျွန်တော်တို့ ထည့်မစဉ်းစားပါဘူး။ တိုင်းပြည်အတွက် ဘယ်လောက် အကောင်းဆုံး လုပ်ပေးနိုင်မလဲဆိုတာကိုပဲ စဉ်းစားပါတယ်"ဟု ဦးဆက်အောင်က ဆိုသည်။

အမှတ်ပေးရာတွင် License Fees (တင်ဒါတွင် လျှောက်ထားသည့် လိုင်စင်ကြေး) ပေးနိုင်မှုကို အမှတ် စုစုပေါင်း၏ သုံးပုံ တစ်ပုံသာ ပေးထားပြီး သုံးပုံ နှစ်ပုံခန့်မှာ နည်းပညာပိုင်းများကိုသာ ထည့်သွင်း စဉ်းစားခဲ့ကြောင်း ၎င်းက ဆိုသည်။

ယခုရွေးချယ်မှုမှာ မျှတမှုရှိပြီး အမှန်တကယ် လုပ်ကိုင်နိုင်မည့် ကုမ္ပဏီများကို သာ ရွေးချယ်လိုက်ခြင်းဟု ယူဆကြောင်း ပြည်တွင်း စက်မှုလုပ်ငန်း တစ်ခုမှ အုပ်ချုပ်မှု ဒါရိုက်တာ တစ်ဦးက မှတ်ချက်ပေးသည်။

နိုင်ငံတကာက စိတ်ဝင်စားနေသည့် ဆက်သွယ်ရေးလုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင် နှစ်နေရာကို နော်ဝေအစိုးရမှ ထက်ဝက်ကျော် ပိုင်ဆိုင်သည့် Telenor နှင့် ကာတာ အစိုးရနှင့် ပတ်သက်မှုရှိသော Ooredoo (QTel) ကုမ္ပဏီတို့ ရရှိခဲ့ကြောင်း ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရ ဆက်သွယ်ရေး အော်ပရေတာ တင်ဒါခေါ်ယူခြင်းနှင့် ရွေးချယ်ရေးကော်မတီ က ဇွန်လ၂၇ ရက်နေ့တွင် ထုတ်ပြန် ကြေညာသည်။

အကြောင်းအမျိုးမျိုးကြောင့် ရွေးချယ်ခံရသည့် တာဝန်ကို မထမ်းဆောင်နိုင် ပါက အစားထိုးအဖြစ် ပြင်သစ် တယ်လီကွန်း Orange နှင့် Marubeni ကော်ပိုရေးရှင်း ပူးတွဲ ကုမ္ပဏီကို အရန်အဖြစ် ရွေးချယ် ထားကြောင်း အဆိုပါကြေညာချက်တွင် ဖော်ပြထားသည်။

အဆိုပါ လိုင်စင်ရွေးချယ်မှုကို ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရ ဆက် သွယ်ရေး အော်ပရေတာတင်ဒါ ခေါ်ယူခြင်းနှင့် ရွေးချယ်ရေး ကော်မ တီနှင့် ပြည်ပမှ ငှားရမ်းထားသော Roland Berger Consultants ကုမ္ပဏီတို့ ပူးပေါင်း ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

0 comments:

Post a Comment