Saturday, June 8, 2013

ဇွန်လ ကမ္ဘာ့အဆင့် သတ်မှတ်ချက်တွင် မြန်မာအသင်း အဆင့်(၃)ဆင့် ခုန်တက်

ဇွန်လအတွက် ကမ္ဘာ့အဆင့် သတ်မှတ်ချက်ကို ပြီးခဲ့သည့် ရက်ပိုင်းက ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်မှ ထုတ်ပြန် ပေးခဲ့ရာ မြန်မာ့ လက်ရွေးစင် အသင်းမှာ အဆင့်(၃)ဆင့် ခုန်တက်လာခဲ့ကြောင်း သိရသည်။ မြန်မာ အသင်းအနေဖြင့် ရမှတ်ပိုင်းတွင် တိုးတက်လာခြင်း မရှိခဲ့သော်လည်း မြန်မာ အသင်း၏ အထက်တွင် ရပ်တည်နေသည့် အသင်းများ အဆင့်ကျဆင်း သွားခဲ့သောကြောင့် အလိုလို (၃)ဆင့် ခုန်တက်သွားခဲ့ခြင်း ဖြစ်သည်။
ဖီဖာ၏ ကမ္ဘာ့အဆင့် သတ်မှတ်ချက် ထုတ်ပြန်ပုံမှာ တစ်လအတွင်း ကစားခဲ့သမျှ ပွဲများမှ ရမှတ်များကို စုပေါင်းကာ နောက်တစ်လ လဆန်းတွင် ထုတ်ပြန်ခြင်း ဖြစ်ရာ ဇွန်လ သတ်မှတ်ချက်မှာ မေလအတွင်း ကစားခဲ့သည့် ပွဲများကို အခြေတည် တွက်ချက်၍ ထုတ်ပြန်ခြင်း ဖြစ်သည်။ မြန်မာ့ လက်ရွေးစင် အသင်းအနေဖြင့် မေလအတွင်း ပွဲတစ်ပွဲမျှ မကစားခဲ့သောကြောင့် ရမှတ်ပိုင်းတွင် တိုးတက်လာခဲ့ခြင်း မရှိသော်လည်း မေလ သတ်မှတ်ချက်တွင် မြန်မာအသင်း၏ အထက်၌ ရှိနေခဲ့သည့် မော်လ်တာ၊ လီဆိုသို၊ လက်ချင်စတိန်း အစရှိသည့် အသင်းများမှာ ကမ္ဘာ့အဆင့် သတ်မှတ်ချက်များ ကျဆင်းခဲ့သောကြောင့် အလိုလို အဆင့်တက်သွား ခဲ့ခြင်း ဖြစ်သည်။ မြန်မာ့ လက်ရွေးစင် အသင်းသည် ပြီးခဲ့သည့် ဇွန်လ(၄)ရက်နေ့က စင်ကာပူ အသင်းနှင့် ခြေစမ်းကစားပြီး ရှုံးနိမ့်ခဲ့ရာ အဆိုပါ ရှုံးနိမ့်မှု၏ ရိုက်ခတ်မှုကို လာမည့် ဇူလှိုင်လ အဆင့်သတ်မှတ်ချက်တွင် တွေ့မြင်ရမည် ဖြစ်သည်။

ကမ္ဘာ့အဆင့် သတ်မှတ်မှုတွင် ထိပ်ဆုံးနေရာ၌ စပိန်၊ ဂျာမနီနှင့် အာဂျင်တီးနားတို့က အစဉ်အတိုင်း ဆက်လက် ရပ်တည်နေပြီး အာရှဇုန်ကိုမူ ဂျပန်၊ တောင်ကိုရီးယားနှင့် သြစတြေးလျတို့က အစဉ်လိုက် ဆက်လက် ဦးဆောင်နေကြသည်။ အာဆီယံ ဒေသတွင်း အသင်းများတွင် ဗီယက်နမ်က ထုံးစံအတိုင်း ထိပ်ဆုံးမှ ဦးဆောင်နေခဲ့ သော်လည်း ကမ္ဘာ့အဆင့် ရပ်တည်မှုတွင် (၁)ဆင့် ကျဆင်းခဲ့သည်ကို တွေ့ရသည်။

အာဆီယံ ဒေသတွင်း အသင်းများ၏ ဇွန်လအတွက် ကမ္ဘာ့အဆင့် ရပ်တည်မှု

ဗီယက်နမ် (၁၃၃)
ထိုင်း (၁၄၂)
ဖိလစ်ပိုင် (၁၄၄)
မြန်မာ (၁၅၅)
မလေးရှား (၁၅၉)
စင်ကာပူ (၁၆၅)
လာအို (၁၆၈)
အင်ဒိုနီးရှား (၁၇၀)
ဘရူနိုင်း (၁၈၅)
တီမော (၁၈၅)
ကမ္ဘောဒီးယား (၁၈၉)

0 comments:

Post a Comment