စင်ကာပူ လက်ရွေးစင် အသင်း၏ နည်းပြချုပ် ဘန်းစတိန်းက မိမိ၏ အနီးဆုံး ရည်မှန်းချက်မှာ စင်ကာပူ အသင်း၏ လက်ရှိ ကမ္ဘာ့အဆင့် ရပ်တည်မှုကို မြှင့်တင်ပေးရန် ဖြစ်သောကြောင့် လာမည့် အင်္ဂါနေ့တွင် ကစားမည့် မြန်မာအသင်းနှင့် ခြေစမ်းပွဲကို သေချာပေါက် အနိုင်ကစားသွားမည် ဖြစ်ကြောင်း ယနေ့နေ့လည်က ပြုလုပ်သည့် မြန်မာ-စင်ကာပူ ခြေစမ်းပွဲ အကြို သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ဘန်းစတိန်းသည် စင်ကာပူ အသင်းကို ဆူဇူကီးဖလား ရယူပေးခဲ့သည့် နည်းပြဟောင်း အေဗရာမိုဗစ် နေရာကို မကြာသေးမီကမှ ဆက်ခံခဲ့သူ ဖြစ်ပြီး ၎င်းက အသင်းနှင့် လေ့ကျင့်ခန်း အစီအစဉ် (၄)ခုသာ ထိတွေ့ရသေးကြောင်း ဖွင့်ဟခဲ့သည်။ ထိုကဲ့သို့ ထိတွေ့ချိန် နည်းပါးနေသော်လည်း လာမည့် ခြေစမ်းပွဲတွင်မူ အနိုင်ရလဒ်ကိုသာ မျှော်လင့်ထားသောကြောင့်
အကောင်းဆုံး လူစာရင်း၊ အကောင်းဆုံး ခြေစွမ်းများဖြင့် ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း ဖွင့်ဟခဲ့သည်။ "ကျွန်တော် အသင်းကို ထိတွေ့ရတဲ့ ကာလ နည်းနေသေးပေမယ့် လာမယ့် မြန်မာနဲ့ ပွဲမှာတော့ အကောင်းဆုံး လူစာရင်း၊ အကောင်းဆုံး ကစားပုံတွေ ရအောင် အားထုတ်သွားမှာပါ။ အနိုင်ရလဒ် ရယူနိုင်မယ်လို့ မျှော်လင့်ပါတယ်"ဟု ဂျာမန်လူမျိုး နည်းပြချုပ် ဘန်းစတိန်းက ပြောကြားခဲ့သည်။
လာမည့် ဇွန်လ(၄)ရက်တွင် ကစားမည့် ခြေစမ်းပွဲသည် ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)၏ နိုင်ငံတကာ ခြေစမ်းပွဲများ ကျင်းပရန် သတ်မှတ်ထားသည့် ရက်တွင် ကစားခြင်း ဖြစ်သောကြောင့် ယခုပွဲ၏ အနိုင်အရှုံး ရလဒ်မှာ ဖီဖာကမ္ဘာ့အဆင့် သတ်မှတ်ချက် အပေါ် တိုက်ရိုက် သက်ရောက်မှု ရှိနေရာ ဘန်းစတိန်းက မိမိတို့ စင်ကာပူ အသင်းထက် ကမ္ဘာ့အဆင့် မြင့်နေသည့် မြန်မာအသင်းကို အနိုင်ကစားကာ အဆင့်ကွာဟချက် လျော့ချနိုင်ရန် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း ဆိုခဲ့သည်။ "လက်ရှိမှာ မြန်မာရဲ့ ကမ္ဘာ့အဆင့် ရပ်တည်မှုက ကျွန်တော်တို့ထက် မြင့်ပါတယ်။ ကျွန်တော်တို့ ဒီကွာဟချက်ကို လျော့ချနိုင်ဖို့ ကြိုးပမ်းသွားမှာပါ။ ကိုယ့်ထက် အဆင့်သာတဲ့ အသင်းကို အဝေးကွင်းမှာသာ အနိုင်ကစားနိုင်ခဲ့ရင် သေချာပေါက် ကျွန်တော်တို့ အဆင့်တက်မှာပါ"ဟု ဘန်းစတိန်းက ဆိုသည်။
ဘန်းစတိန်းသည် စင်ကာပူ အသင်းကို (၉)နှစ်ကြာ ကိုင်တွယ်ကာ ဆူဇူကီးဖလား ချန်ပီယံဆုကို (၃)ကြိမ် ဆွတ်ခူးပေးခဲ့သည့် ယူဂိုဆလားဗီးယား နည်းပြကြီး အေဗရာမိုဗစ်၏ နေရာကို ဆက်ခံရခြင်း ဖြစ်သောကြောင့် မိမိအပေါ်တွင် ဖိအားအချို့ရှိနေသော်လည်း ဘောလုံး နည်းပြဆိုသည်မှာ ဖိအားများကို နေ့စဉ် ခံစားနေရသောကြောင့် ထူးခြားမှု မရှိကြောင်း၊ မိမိ အနေဖြင့် အေဗရာမိုဗစ်၏ အောင်မြင်မှုများကို လေးစားကြောင်း၊ မိမိလက်ထက်တွင် စင်ကာပူကို လက်ရှိ အဆင့်အတန်းထက် ပိုမိုမြင့်မားသည့် အဆင့်သို့ ပိုဆောင်ပေးနိုင်မည်ဟု ယုံကြည်ကြောင်း ဆက်လက် ပြောကြားခဲ့သည်။ ဘန်းစတိန်းသည် ၂၀၀၂ ခုနှစ်မှ ၂၀၀၄ ခုနှစ် အတွင်း အီရတ်အသင်းကို ကိုင်တွယ်ခဲ့စဉ်က အာရှ ဖလား ခြေစစ်ပွဲ ဒုတိယအဆင့်တွင် မြန်မာ အသင်းနှင့် တွေ့ဆုံခဲ့ဖူးပြီး ထိုစဉ်က ဒေးဗစ်ဘုသ် ကိုင်တွယ်နေသည့် မြန်မာအသင်းကို (၃-၀) ဂိုးနှင့် အနိုင်ရခဲ့ဖူးသည်။
0 comments:
Post a Comment