၂၀၁၃ မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲ တစ်ဝက်ကျိုးပြီးချိန်တွင် မကွေးအသင်းကို ရှုံးပွဲမရှိသေးသည့် အသင်းအဖြစ် ပြောင်မြောက်စွာ ပဲ့ကိုင်ပေး နေသည့် ဦးကြည်လွင်ကို မြန်မာ့ လက်ရွေးစင် အသင်းနှင့် ခြေစမ်းကစားမည့် All Stars အသင်း၏ နည်းပြချုပ် အဖြစ် တာဝန်ပေးခဲ့သည်။ လက်ရှိ မြန်မာနည်းပြများ အထဲတွင် အကောင်းဆုံးဟု သတ်မှတ်ခြင်း ခံနေရသည့် ဦးကြည်လွင်၏ All Stars အသင်းက ခြေစမ်းပွဲတွင် ခြေစွမ်းပြ ကစားကာ ပဏာမ မြန်မာ့ လက်ရွေးစင် အသင်းကို အနိုင်ကစားခဲ့သည်။ ငွေခေတ် မြန်မာ့ လက်ရွေးစင် အသင်း၏ အဓိက ကွင်းလယ် ကစားသမား ဖြစ်ခဲ့သည့် ဦးကြည်လွင်အား ခြေစမ်းပွဲ အပြီးတွင် မြန်မာအသင်း၊ All Stars အသင်းတို့နှင့် ပတ်သက်သည်များကို မေးမြန်းခဲ့ပါသည်။
ပွဲကစားတော့ မြန်မာ ကစားသမားတွေက နည်းနည်း ကြမ်းသလားလို့ ဆရာ။ အရာ့အမြင်လေး ပြောပြပေးပါဦး။
ပွဲက ခြေစမ်းပွဲ ဆိုပေမယ့် ခမ်းခမ်းနားနားလေး လုပ်တာဆိုတော့ ကစားသမားလေးတွေ စိတ်ထဲ နိုင်ချင်ကြပါလိမ့်မယ်။ ဒါကြောင့်မို့ ပွဲအတွင်းမှာ သူတို့ အားစိုက်ခဲ့ကြတာပါ။ ဒါပေမဲ့ မလိုအပ်တဲ့ အားစိုက်မှုမျိုးတွေကိုလည်း တွေ့ခဲ့ရပါတယ်။
မြန်မာအသင်းရဲ့ ကစားပုံကိုလည်း သုံးသပ်ပေးပါဦး။
ကျွန်တော့် အမြင်ကို ပြောရရင်တော့ နည်းနည်းလေး ခံစစ်ကို အားပြုနေသလားလို့။ သူတို့ ဒီပွဲမှာ ပွဲချိန်တစ်လျှေက် ကောင်တာလောက်ပဲ ကစားသွားတာ။ ရသွားတဲ့ ဂိုးကလည်း ကျွန်တော်တို့ အမှားကြောင့်ပဲလေ။ အဆင့်ခြင်း မတူတဲ့ အသင်းနဲ့ ကစားရတာ ကြောင့်လည်း ဖြစ်ပါလိမ့်မယ်။ ခြုံပြီး ပြောရမယ် ဆိုရင်တော့ မြန်မာအသင်း ဒီနေ့ပွဲ ကစားသွားတာ မဆိုးပါဘူး။
မြန်မာ အသင်းတွေက ပြိုင်ပွဲတွေတိုင်းမှာ ခြေစွမ်းထက် စိတ်ဓါတ်ပိုင်း ပြဿနာကြောင့် ရလဒ်ဆိုးလေ့ ရှိတယ်။ ဒီအတွက် ဘာတွေ လုပ်ဖို့လိုမလဲ။
ဒီတစ်ခေါက် ပြိုင်ပွဲမှာတော့ နိုင်ချင်စိတ်မှာ လိုအပ်ချက် မရှိနိုင်ပါဘူး။ ကိုယ်က အိမ်ရှင်ဖြစ်မှာ ဆိုတော့ အောင်ပွဲခံနိုင်ဖို့ အတွက် ပွဲတိုင်းမှာ အားထည့် ကစားမှာ သေချာပါတယ်။ ဒါပေမဲ့ နိုင်ချင်စိတ် မလွန်ကဲသွားအောင်တော့ ဂရုစိုက်ရမှာပါ။
ဒီနေ့ပွဲမှာ လိုအပ်တဲ့ အရေးယူမှုတွေ လုပ်တာကို မတွေ့ခဲ့ဘူး။ ဒါတွေက မြန်မာအသင်းကို ထိခိုက်စေနိုင်မလား။
ဒိုင်တွေရဲ့ အရေးယူသင့်တာကို အရေးမယူတဲ့ အပြုအမူက နောက်ဆုံးတော့ ပြိုင်ပွဲမှာ မြန်မာအသင်းကိုပဲ ထိခိုက်စေမှာပါ။ သူတို့ကို အပြစ်တင်တာတော့ မဟုတ်ပါဘူး။ ဖြစ်နိုင်တာကို သုံးသပ်ပြတာပါ။ ဒါလေးကိုသာ သူတို့ ပြင်နိုင်ရင် ကစားသမားတွေအတွက် အရမ်းကို အကျိုးရှိမှာ သေချာပါတယ်။
ဒီပွဲမစမီမှာ ဒီတစ်ခေါက် All Stars အသင်းက မနှစ်က အသင်းလောက် မကောင်းဘူးလို့ သုံးသပ်တာမျိုး ရှိခဲ့တယ်။ အဲဒီအတွက် ဆရာ့အနေနဲ့ ဘာပြောချင်လဲ။
ကျွန်တော်တို့ကတော့ ကစားသမားတွေကို ရသလောက် စုစည်းခဲ့တာပါ။ ဒါပေမဲ့ ဒီပွဲကို မလိုက်ချင်တဲ့ သူတွေလည်း ရှိတယ်လေ။ ဒါ့အပြင် အနားယူ ကာလဖြစ်လို့ နေရပ်ပြန်သွားတာ တွေလည်း ရှိတယ်။ ရန်ကုန်ဆိုရင် ပွဲပန်းနေတဲ့ အတွက် သူတို့ ကစားသမားတွေကို မပေးချင်ဘူး။ ဆာဆာဆိုရင်လည်း မလိုက်ဘူး။ ကျွန်တော်တို့ အသင်းက မာဆာကီ ဆိုရင်လည်း ခွင့်ပြန်သွားတယ်။ ဒါကြောင့်ပါ။
အနိုင်ဂိုးတွေကို ဒုတိယပိုင်းမှာမှ ရခဲ့တာက လူစားလဲမှုတွေကြောင့်လို့ ပြောနိုင်မလား။
ဟုတ်ပါတယ်။ ကျွန်တော်တို့ ပထမပိုင်းမှာ ဘယ်တောင်ပံ ကွင်းလယ်လူ မရှိတာကြောင့် ဇေယျာရွှေမြေမှာ ကွင်းလယ် ကစားတဲ့ ချူကွာဇူကို ဘယ်တောင်ပံ ထုတ်ကစားခဲ့ရတယ်။ ဒါပေမဲ့ ချူကွာဇူက ဒီနေရာမှာ မကစားနိုင်တဲ့ အတွက် အားနည်းမှုတွေ ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ဒုတိယပိုင်းမှာ လူစားလဲမှုတွေ ပြုလုပ်ပြီးတော့ ကမ်ဘူးကို ကွင်းလယ်တင်လိုက်တဲ့ နောက်မှာ အသင်းရဲ့ ကစားပုံက ပိုကောင်းလာခဲ့တာပါ။
မြန်မာ ကစားသမားတွေ အနေနဲ့ နိုင်ငံခြားသားတွေကို မှီနိုင်ဖို့ ဘာတွေ လိုအပ်နေတယ်လို့ ဆရာထင်ပါသလဲ။
အဓိက လိုအပ်နေတာကတော့ ဘောလုံးအပေါ် အာရုံစူးစိုက်မှုလို့ ထင်ပါတယ်။ အပျော်တမ်း အဆင့်ကနေ ပရော်ဖက်ရှင်နယ် အဖြစ် ပြောင်းလဲလိုက်ပြီ ဖြစ်ပေမယ့် စိတ်ဓါတ်တွေက ပရိုမဆန် ကြသေးပါဘူး။ ကျွန်တော်တို့ တုန်းကနဲ့လည်း ယှဉ်ပြီး မပြောချင်ပါဘူး။ အောင်မြင်မှု မရခဲ့တာခြင်း တူပေမယ့် ကျွန်တော်တို့တုန်းက ဘောလုံးကစားကြတယ်။ အာရုံစူးစိုက်မှုကို ဆိုလိုချင်တာပါ။ ဘောလုံး တစ်ခုတည်းကို သေချာ အာရုံစိုက်ရင်တောင် ဒီထက် အများကြီး တိုးတက်လာမှာပါ။

0 comments:
Post a Comment