Sunday, June 2, 2013

ဖိနပ်ပျောက်သူ တစ်ယောက် အကြောင်း


"တစ်ကယ်ကို ဘာဆိုဘာမှ မသိရတာပါ။ ဘယ့်သူကမှ ရေရာတဲ့ အဖြေတစ်ခုကို မပေးနိုင်ကြဘူး"လို့ ပြောလာတာက ဇေယျာရွှေမြေ အသင်းရဲ့ အဓိက တိုက်စစ် ကစားသမားဖြစ်သူ ဆာဆာပါ။ ပြီးခဲ့တဲ့ ရာသီမှာ ဇေယျာရွှေမြေ အသင်းနဲ့ ခြေစွမ်းပြ ကစားခဲ့ပြီး ဂိုးပေါင်း (၂၀) သွင်းယူကာ ၂၀၁၂ မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲရဲ့ ဂိုးသွင်းဘုရင် အဖြစ် ရာသီတစ်ခုကို လှလှပပ အဆုံးသတ်ခဲ့ပေမယ့် သူ့အားထုတ်မှုတွေရဲ့ ရလဒ်ကိုတော့ ခုချိန်ထိ ခံစားရခြင်း မရှိသေးတာမို့ ပေါက်ကွဲစွာနဲ့ ဖွင့်ဟနေခဲ့တာ ဖြစ်ပါတယ်။



ဆာဆာဆိုတာ ၂၀၁၁ ဘောလုံးရာသီမှာ ဆောက်သမ်းမြန်မာ အသင်းကို စရောက်လာခဲ့ပြီး ခြေစွမ်းပြခဲ့တာကြောင့် နောက်တစ်ရာသီမှာ ဇေယျာရွှေမြေ အသင်းကို ရောက်ရှိလာခဲ့တဲ့ ကစားသမား ဖြစ်ပါတယ်။ ဒီဆားဘီးယားသား ကြီးဟာ ဇေယျာရွှေမြေနဲ့ ပထမဆုံး ရာသီမှာတော့ အကြီးအကျယ် ထွန်းတောက်ခဲ့ပြီး သွင်းဂိုး(၂၀) သွင်းယူကာ မြန်မာနေရှင်နယ်လိဂ်ရဲ့ ဂိုးသွင်းဘုရင် ဖြစ်လာခဲ့ပါတယ်။ အဲဒီလို ဂိုးသွင်းဘုရင် ဖြစ်ခဲ့ပေမယ့် အခုရာသီဝက် ကျိုးချိန်အထိ ဂိုးသွင်းဘုရင်ဆုဆိုတာ ဘယ်ဆီနေမှန်းမသိ ဆိုသလို ဖြစ်နေတာကြောင့် ဆာဆာ့ခမြာ အရူးမီးဝိုင်း ဖြစ်နေရရှာ ပုံပါပဲ။ ဆုကိုလည်း လိုချင်၊ ဘယ်က တောင်းရမှန်းလဲ မသိ၊ မေးလိုက်သမျှ လူတွေကလည်း မုန်လာဥချည်း ဆိုတော့လည်း ဆာဆာ ဒေါသထွက်နေတာ မဆန်းဘူးလို့ ဆိုရမှာပါ။ ဆာဆာက "ကျွန်တော် အဖွဲ့ချုပ်က တာဝန်ရှိသူတွေကိုရော၊ အသင်းက လူကြီးတွေကိုရော မေးခဲ့ပါတယ်။ ဘယ်သူကမှ ရေရာတဲ့ အဖြေတစ်ခုကို မပေးနိုင်ကြဘူး။ သင်္ကြန်မတိုင်မီက ဆုပေးပွဲ လုပ်မယ်လို့ ကြားခဲ့ပေမယ့် တစ်ကယ်တမ်း ဘာမှ ဖြစ်မလာခဲ့တာ အားလုံးအသိပဲလေ"လို့ ပြောပါတယ်။





တစ်ကယ်တမ်းကတော့ နှစ်စဉ်လုပ်နေကြ အကောင်းဆုံး ဆုပေးပွဲနဲ့ ပတ်သက်ပြီးတော့ ဘာဆိုဘာမှ မသိကြရတဲ့ အထဲမှာ ကျွန်တော်တို့လို မီဒီယာတွေလည်း ပါပါတယ်။ အဖွဲ့ချုပ်က တာဝန်ရှိသူ ဦးဦးတွေကို ဒီပွဲကြီးနဲ့ ပတ်သက်ပြီး မေးခဲ့ဖူးပေမယ့် မေးတဲ့ အချိန်မှာ ဆုပေးပွဲထက် အရေးကြီးတဲ့ ပြိုင်ပွဲကြီးတွေ ကစားနေရလို့ ဒီပွဲကိစ္စကို နောက်မှမေးပါလို့ ပြန်ဖြေတာကို ခံခဲ့ရဖူးပါသေးတယ်။ ဒါက ကျွန်တော်ပဲလား ဆိုတော့ မဟုတ်ပါဘူး။ သတိတရ မေးမိကြတဲ့ မီဒီယာ သမားတိုင်းကို မမေးပါနဲ့ဦး ဆိုတာက တစ်မျိုး၊ ဟိုနေ့လုပ်မယ်လို့ ဖြေတာက တစ်မျိုး၊ အမျိုးမျိုးသော အဖြေတွေ ပေးခဲ့တာပါ။ ပရိုဖက်ရှင်နယ် အဆင့် ပြိုင်ပွဲတစ်ရပ်မှာ ဂုဏ်ပြုမှုတိုင်း အတွက် ဆုကြေးတွေ တွဲပါနေတတ်တာ သဘာဝပါ။ ဒီဆုကြေးတွေ ကြောင့်လည်း အသင်းတွေ၊ ကစားသမားတွေ အတွက် တွန်းအားတွေ ဖြစ်ပြီး ပြိုင်ပွဲရဲ့ အဆင့်အတန်းလည်း ပိုပြီးမြင့်မား လာတတ်ပါတယ်။ ပြိုင်ပွဲတွေ တိုင်းမှာ ပုံမှန်ပေးအပ်နေကြ ဖြစ်တဲ့ တစ်ပွဲခြင်း အကောင်းဆုံး ဆုတွေ၊ တစ်လတာ အကောင်းဆုံး ဆုတွေ၊ တစ်နှစ်တာ အကောင်းဆုံး ဆုနဲ့ ရွှေဖိနပ်ဆုတွေ ဆိုတာက ဂုဏ်သိက္ခာအရရော၊ ရရှိလာမယ့် ဆုကြေးငွေ အရပါ ကစားသမားတိုင်း မက်မောကြတဲ့ အနေအထားမှာ ရှိနေကြတာမို့ ဒီဆုတွေ ရယူနိုင်ဖို့ ရည်မှန်းကြိုးစားကြတယ် ဆိုတာမဆန်းပါဘူး။ ဒါကြောင့်မို့ ရတော့မယ်လို့ မျှော်မှန်းပြီးကာမှ ဘာမှန်းမသိ ဖြစ်နေတဲ့ ရွှေဖိနပ်ဆုအတွက် ဆာဆာတစ်ယောက် ဒေါမနဿ ပွားနေရခြင်းပါ။ လက်ရှိ ဖြစ်နေတဲ့ အနေအထားနဲ့ ပတ်သက်ပြီးတော့ ဆာဆာက " ကျွန်တော်ကတော့ ကျွန်တော့်ပိုက်ဆံတွေ အတွက် တိုက်ပွဲဝင်သွားမှာပါ။ ကျွန်တော်က အိမ်နဲ့ အဝေးကြီးမှာ လာပြီး အလုပ်လုပ်နေရတာ။ ကျွန်တော့် သမီးလေး(၂)ယောက်ကို လွမ်းတဲ့စိတ်ကို မြိုသိပ်ပြီး ဒီမှာကြိုးစားနေရတာ။ ကျွန်တော် ရသင့်ရထိုက်တဲ့ ဆုကြေးငွေကိုတော့ လိုချင်ပါတယ်" လို့ ဆိုခဲ့တာကြောင့် ဒီကိစ္စကို ဒီအတိုင်း အပြီးခံမယ့်ပုံ မပေါ်တာကို တွေ့ရပါတယ်။

မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲကို ၂၀၀၉ ခုနှစ်မှာ စတင်ကျင်းပခဲ့ပြီး ပြိုင်ပွဲ အထိုင်ကျသွားပြီ ဖြစ်တဲ့ ၂၀၁၁ ခုနှစ် ဘောလုံးရာသီ မစခင်မှာ အကောင်းဆုံး ဆုပေးပွဲအခမ်းအနားကို ပထမဆုံး အကြိမ်အဖြစ် ခမ်းခမ်းနားနား စတင်ကျင်းပခဲ့ပါတယ်။ ဒီဆုပေးပွဲမှာ ၂၀၁၀ ခုနှစ် ဘောလုံးရာသီ အတွက် ဆုတွေကို ပေးခဲ့ပြီး အကောင်းဆုံး ဘောလုံးသမား အဖြစ် ၂၀၁၀ ဘောလုံးရာသီမှာ ချန်ပီယံ ဖြစ်ခဲ့တဲ့ ရတနာပုံ အသင်းရဲ့ အသင်းခေါင်းဆောင် အောင်ကျော်မိုးကို သတ်မှတ်ခဲ့ကြပါတယ်။ ထိုစဉ်က ဂိုးသွင်းဘုရင်က ဥဿာ(ယခု ဟံသာဝတီ) တိုက်စစ်မှူး လပ်ပီလပ်ပီ ဖြစ်ပြီး သွင်းဂိုး (၁၆)ဂိုးနဲ့ ရွှေဖိနပ်ဆု ရခဲ့ပါတယ်။ နောက်တစ်နှစ် ဖြစ်တဲ့ ၂၀၁၂ ခုနှစ်မှာလည်း ဆုပေးပွဲကို ဆက်လက် ကျင်းပခဲ့ပြီး ၂၀၁၁ ခုနှစ် ဘောလုံးပြိုင်ပွဲ အတွက် အကောင်းဆုံးဆုတွေကို ပေးအပ်ခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာတော့ အကောင်းဆုံး ကစားသမားဆုကို ဇေယျာရွှေမြေက ကျော်ကိုကို ရခဲ့ပြီး ဂိုးသွင်း ဘုရင်ဆုကိုတော့ ချန်ပီယံ ဖြစ်ခဲ့တဲ့ ရန်ကုန် ယူနိုက်တက် အသင်းက တိုက်စစ်မှူး အိုဘီက သွင်းဂိုး (၁၈)ဂိုးနဲ့ ဂိုးသွင်းဘုရင် ရွှေဖိနပ်ဆုကို ရယူနိုင်ခဲ့ပါတယ်။

အကောင်းဆုံး ဆုပေးပွဲကို (၂)နှစ်ဆက်တိုက် ဘောလုံးရာသီ မစမီမှာ ကျင်းပနိုင်ခဲ့ပေမယ့် ဒီနှစ် ဘောလုံးရာသီကတော့ တစ်ဝက်ကျိုးလို့ (၁)ပွဲတောင် စွန်းခဲ့ပါပြီ။ ဘယ်အချိန် ကျင်းပမယ် ဆိုတဲ့ သတင်းကို မကြားမိသေး သလို၊ ကျင်းပဖို့ ဟန်ပြင်နေတာမျိုးလည်း မတွေ့မိပါဘူး။ ဘာအကြောင်းကြောင့်ပဲ ဖြစ်ဖြစ် ပရိုဖက်ရှင်နယ်လိဂ်လို့ အမည်ခံထားတဲ့ မြန်မာနေရှင်နယ်လိဂ်မှာ လိဂ်ရဲ့ ၀ိသေသ တစ်ရပ်ဖြစ်တဲ့ အကောင်းဆုံး ဆုပေးပွဲကို မကျင်းပပဲ ထားတာကတော့ မဖြစ်သင့်ပါဘူး။ ဆုပေးပွဲ မကျင်းပတာနဲ့ ပတ်သက်ပြီးတော့လည်း နယ်ပယ်စုံက ဝေဖန်သံတွေ မိုးလုံးပြည့်လျှံ ဖြစ်နေပေမယ့် ဒီထက် အရေးကြီးတဲ့ ကိစ္စတွေ ရှိနေတာကြောင့် ဒီဘက်ကို အာရုံစိုက်နိုင်ပုံ မပေါ်ပါဘူး။ ဒီနေရာမှာ ရာသီကုန်ကတည်းက သေချာနေတဲ့ ဂိုးသွင်းဘုရင်ဆုကို ချန်ပီယံ ဖြစ်တဲ့ အသင်းရဲ့ ဖလားအပ်နှင်းပွဲ အခမ်းအနားမှာ တစ်ခါတည်း ပေးရင်တောင် ရနိုင်ရက်နဲ့ ဒီလို မလုပ်ခဲ့တာကြောင့် ပြိုင်ပွဲကြီးအပေါ် အပြည့်အ၀ အာရုံရှိနေရဲ့လား ဆိုတာ သံသယ ရှိစရာကောင်းလှပါတယ်။ ပြိုင်ပွဲ စီစဉ်ကျင်းပသူတွေ ကတောင် ပြိုင်ပွဲအပေါ် အာရုံစိုက်မှု နည်းပါးနေတယ် ဆိုရင်တော့ ပရိသတ်တွေရဲ့ အပြည့်အ၀ အာရုံစူးစိုက်မှုကို လိုချင်နေတာဟာ မတရားရာ ရောက်ပါလိမ့်မယ်။

ဆီးဂိမ်းစ်မှာ မြန်မာအသင်း အောင်မြင်ရေး အတွက် အားစိုက်ရတာတွေ၊ ကလပ်အသင်း ပြိုင်ပွဲတွေ၊ လက်ရွေးစင် အသင်းတွေရဲ့ နိုင်ငံတကာ ပြိုင်ပွဲတွေကြောင့် အလုပ်တွေ များနေတယ် ဆိုတာကို အားလုံးသိပေမယ့် ဒါတွေကြောင့် နှစ်စဉ် ကျင်းပနေကျ ဖြစ်တဲ့၊ လိဂ်ရဲ့ အမှတ်သညာ ၀ိသေသ တစ်ရပ်ဖြစ်တဲ့ အကောင်းဆုံး ဆုပေးပွဲကို မကျင်းပဖြစ်ဘူး ဆိုတာကတော့ ဘယ်လိုမှ မဖြစ်သင့်တဲ့ အကြောင်းပြချက် တစ်ရပ်လို့ မြင်မိပါတယ်။ ဒီဆုပေးပွဲ ဆိုတာကလည်း မြန်မာအသင်း အောင်မြင်ရေးအတွက် ကျားကန်ပေးနိုင်ဖို့ ကျင်းပခဲ့တဲ့ မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲရဲ့ အသီးအပွင့်ပဲ မဟုတ်လား။ ဒီဆုပေးပွဲကို မလုပ်ဖြစ်ခဲ့တာဟာ ဂိုးသွင်းဘုရင် တစ်ဦးတည်း နစ်နာတာ မဟုတ်ပါဘူး။ အကောင်းဆုံး ကစားသမားဆု၊ အကောင်းဆုံး အမျိုးသမီး ကစားသမားဆု၊ အကောင်းဆုံး ဒိုင်လူကြီးဆု၊လူငယ် အကောင်းဆုံးဆု စတဲ့ သက်ဆိုင်ရာ ဆုတွေအတွက် ရည်ရွယ်ကြိုးစား ခဲ့ရတဲ့ သူတွေလည်း နစ်နာပါတယ်။ တစ်နှစ်လုံး ဒီဂုဏ်ပြုမှုကို ရည်ရွယ် မျှော်လင့်ခဲ့တဲ့ သူတွေရဲ့ ကြိုးစားရင်း ကျခဲ့ရတဲ့ ချွေးစက်တွေကို သုတ်ပေးဖို့ အဖွဲ့ချုပ်မှာ တာဝန်ရှိနေပါပြီ။ ဒီနှစ်မှာသာ ဆုပေးပွဲ ဖြစ်မလာတော့ဘူး ဆိုရင်..........နောက်နှစ် အတွက် အကောင်းဆုံး ဆုတွေကို ရည်ရွယ်ရင်း ကြိုးစားမယ့် သူတွေမှာရော အားရှိပါတော့မလားလို့ သံသယ ဖြစ်မိပါတယ်။ ဆာဆာတစ်ယောက် အနေနဲ့လည်း နောက်ပိုင်းပွဲတွေမှာ ဂိုးသွင်းဖို့တောင် စိတ်မပါတော့လို့ အသင်းရဲ့ ရလဒ်တွေလည်း ကျဆင်းလာရတယ်လို့ အသင်းနဲ့ နီးစပ်သူ တစ်ဦးက ပြောခဲ့တာကိုလည်း အမှတ်ရမိပါတယ်။

ဘာပဲပြောပြော ကျွန်တော်တို့ မြန်မာပြည်ကို ရောက်လာတဲ့ ဆားဘီးယားလေး တစ်ယောက်တော့ ဖိနပ်ပျောက်နေခဲ့ပါပြီ။ မသေချာ မရေရာတဲ့ လောကကြီးထဲမှာ သူ့ဖိနပ်လေး ပြန်တွေ့ဖို့ဆိုတာကလည်း ကောက်ရိုးပုံထဲက အပ်ပျောက် ရှာရသလိုပါဘဲ။ ဒီနှစ်မှာ ဒီတစ်ယောက် ပျောက်ထားသလို နောက်နှစ်မှာလည်း နောက်တစ်ယောက် ထပ်ပျောက်မပျောက်ဆိုတာ ကလည်း အာမခံချက် ရှိတဲ့ အရာမဟုတ်ပါဘူး။ တစ်ကယ်လို့သာ မြန်မာပြည်မှာ ဖိနပ်ပျောက်နေရှာတဲ့ ဆားဘီးယားလေး ကိုယ့်ရပ်ကိုယ့်မြေ ပြန်ရောက်တဲ့ အထိ ဖိနပ်တွေ့မသွားလို့ ဒီအကြောင်းကို ပြန်ပြီးသာ ဖောက်သည်ချ ခဲ့မယ်ဆိုရင် ....................................။

0 comments:

Post a Comment