Saturday, June 29, 2013

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသအစိုးရအဖွဲ့မှ ဘဏ္ဍာရေးဝန်ကြီး/ ဘဏ္ဍာရေးအတွင်းဝန်နှင့် အဖွဲ့အား လက်ခံတွေ့ဆုံ

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသ အစိုးရအဖွဲ့မှ ဘဏ္ဍာရေးဝန်ကြီး/ ဘဏ္ဍာရေးအတွင်းဝန် Mr. John Tsang Chun-wah ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား ယနေ့ နံနက်(၁၁)နာရီတွင် နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။




ထိုသို့ တွေ့ဆုံစဉ် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဟောင်ကောင်မှလုပ်ငန်းရှင်များ မြန်မာနိုင်ငံ၌ လာရောက်ရင်းနှီးမြှုပ်နှံပါက များစွာကြိုဆိုပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် စီးပွားရေးပြုပြင် ပြောင်းလဲရေးလုပ်ငန်းများကို နိုင်ငံရေးပြုပြင်ပြောင်းလဲမှုနှင့်အတူ တစ်ပြိုင်တည်း ဆောင်ရွက်လျက်ရှိပြီး ပြည်ပရင်းနှီးမြှုပ်နှံသူများအတွက် အခွင့်အလမ်းများစွာ ဖွင့်ပေးထားပါကြောင်း၊ စားသောက်ကုန်အမျိုးမျိုး ထုတ်လုပ်ရေးလုပ်ငန်းများ၊ လယ်ယာ၊ သစ်တော၊ သတ္ထု၊ စွမ်းအင်ထုတ်လုပ်ရေးကဏ္ဍ၊ အထူးစီးပွားရေးဇုန်များ၊ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ဟံသာဝတီ လေဆိပ်တိုးချဲ့ တည်ဆောက်ရေး လုပ်ငန်းများ၊ ခရီးသွားလာရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံနိုင်ပါကြောင်း၊ မြန်မာနိုင်ငံနှင့် ဟောင်ကောင်တို့အကြား ကုန်သွယ်မှု နည်းပါးနေသေးရာ ကုန်သွယ်မှုပမာဏ တိုးမြှင့်လိုပါကြောင်း၊ ဟောင်ကောင် အုပ်ချုပ်ရေးမှူးအား မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ရန် အဆွေတော်မှတစ်ဆင့် ဖိတ်ကြားပါကြောင်းဖြင့် ပြောကြားသည်။



ထို့နောက် ဟောင်ကောင်ဘဏ္ဍာရေးဝန်ကြီးက ဟောင်ကောင်အနေဖြင့် မြန်မာနိုင်ငံနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်နိုင်မည်ဟု ခံယူထားပြီး နှစ်ဖက်ပူးပေါင်းဆောင်ရွက် နိုင်မည့် ကဏ္ဍ အများအပြား ရှိပါကြောင်း၊ အထည်ချုပ်စက်ရုံ၊ ကလေးကစားစရာပစ္စည်း ထုတ်လုပ်ရေးစက်ရုံ၊ လျှပ်စစ်ပစ္စည်း စက်ရုံများအပြင် ဝန်ဆောင်မှု လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံနိုင်မည်ဟု မျှော်လင့်ထား ပါကြောင်းဖြင့် ပြောကြားသည်။



ထို့ပြင် ပြည်သူများအလုပ်အကိုင် အခွင့်အလမ်း အများအပြားရရှိစေနိုင်မည့် လုပ်ငန်းများတွင် ဦးစားပေးရင်းနှီးမြှုပ်နှံမှုပြုလုပ်ရေး၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံနိုင်မှု၊ နေပြည်တော်တစ်ဝိုက်တွင် မီးခိုးမထွက်၊ ရေဆိုးမထွက်စက်ရုံများ တည်ဆောက်နိုင်မှု၊ တယ်လီဖုန်း ထုတ်လုပ်ရေး လုပ်ငန်းများဆောင်ရွက်နိုင်မှုတို့နှင့် စပ်လျဉ်း၍လည်း ဆွေးနွေးခဲ့ကြသည်။



အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ ဦးဝင်းရှိန်၊ ဒေါက်တာကံဇော်၊ ဦးကျော်လွင်၊ ဒုတိယဝန်ကြီး ဦးဇင်ယော်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြသည်။


သမ္မတရုံး

0 comments:

Post a Comment