အမျိုးစောင့်ဥပဒေမူကြမ်း တင်သွင်းရန်ကြိုးပမ်းမှုအား အမျိုးသမီးအခွင့်အရေးကို ကန့်သတ်ရန် ကြိုး စားခြင်း ဖြစ်သောကြောင့် မြန်မာနိုင်ငံရှိအမျိုးသမီးအဖွဲ့အစည်းများမှ လက်မခံနိုင်ကြောင်း လှုပ်ရှားတက်ကြွသူများထံက သိရှိရသည်။
မြန်မာနိုင်ငံ၏ ရှေးခေတ် ဓမ္မသတ်စီရင်ထုံးများအရသော်လည်းကောင်း တည်ဆဲ ဗုဒ္ဓဘာသာဝင် မြန်မာ အမျိုး သမီးများ၏ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ စည်းကမ်းချက်များသည် ကောင်းမွန်ပြီးဖြစ်သောကြောင့် ၁၉၅၄ ဥပဒေကို ရုပ်သိမ်းခိုင်းသည့် အမျိုးစောင့် ဥပဒေမှုကြမ်းကို လက်မခံနိုင်ကြောင်း အမျိုးသမီးအဖွဲ့အစည်းတို့က ဆိုသည်။
အဆိုပါ လွှတ်တော်သို့ တင်သွင်းရန် ကြိုးပမ်းနေသည့် အမျိုးစောင့်ဥပဒေမှုကြမ်းအား အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌဒေါ်အောင်ဆန်းစုကြည်အပါအ၀င် မြန်မာနိုင်ငံရှိ အမျိုးသမီးအဖွဲ့စည်းအသီးသီးမှ ကန့်ကွက် လျက်ရှိကြောင်း သိရှိရသည်။
“လက်ထပ်ဖို့အတွက် ဘာသာပြောင်းပေးရမယ်ဆိုတာ လူ့အခွင့်အရေးချိုးဖောက်တာ” ဟု ဒေါ်အောင်ဆန်းစုကြည်မှ ပြည်ပမီဒီယာတစ်ခုသို့ ပြောကြားထားသည်။
အမျိုးစောင့်ဥပဒေမှုကြမ်းနှင့် ပတ်သတ်၍ အမျိုးသမီး အဖွဲ့အစည်း(၈)ဖွဲ့ စုပေါင်းကာအချက် (၈)ချက်ပါ သဘောထားထုတ်ပြန်ချက်တစ်စောင်အား ဇွန်(၁၆)ရက် နေ့တွင် ထုတ်ပြန်ခဲ့ကြောင်း သိရှိရသည်။
“အမျိုးသမီးတွေ ဘာသာခြားနဲ့ မယူရတို့ ဘာတို့ ပါတယ်။ ဒါက အမျိုးသမီးအခွင့်အရေး၊ လူ့အခွင့်အရေးပိုင်း ဆိုင်ရာနဲ့ရော အမျိုးသမီးတွေရဲ့ ဂုဏ်သက္ခာနဲ့ရော အမျိုးသမီးတွေက ဘာသာခြားပဲလိုချင်တာလား လိုချင် ရင်လည်း လိုချင်မယ်။ မလိုချင်ရင်လည်း မလိုချင်ဘူး။ ပိတ်ပင်သလားဆိုတာ သဘာဝမကျဘူးလို့ ခံစားရလို့ အမျိုးသမီးတွေရဲ့ အသံတစ်သံအနေနဲ့ ပေါင်းပြီး ကြေညာချက်ထုတ်ရတာပါ” ဟု ၈၈ မျိုးဆက် (Women Sector) မမာယာက ပြောသည်။
အဆိုပါ ကိစ္စနှင့်ပတ်သတ်၍ လိုအပ်လျှင် ဇူလိုင်လအတွင်း၌ ဆွေးနွေးပွဲ၊ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရန် အစီအစဉ်ရှိကြောင်း ၎င်းက ဆက်ပြောသည်။
ထုတ်ပြန်ချက်တွင် အမျိုးသမီးများ၏ တစ်ဦးချင်းလွတ်လပ်မှုအခွင့်အရေးကို ချုပ်ချယ်ရန်ကြိုးစားမှုသည် ကုလ သမဂ္ဂ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ် (၁၆) ပါ အရွယ်ရောက်ပြီး သူတိုင်း၏ လွတ် လပ်စွာ လက်ထပ်ထိမ်းမြှားခွင့်ကို ချိုးဖောက်ခြင်း၊ အမျိုးသမီးများ၏ဆင်ခြင်တုံတရားကိုအထင်သေးခြင်းစသည့် အချက်များပါဝင်ကြောင်း သိရှိရသည်။
သဘောထား ကြေညာချက်ထုတ်ပြန်ခဲ့သော အဖွဲ့အစည်းများမှာ KWEG- ကရင်အမျိုးသမီးဖွံ့ဖြိုးရေး အဖွဲ့၊ ၈၈ - မျိုးဆက် ( အမျိုးသမီး အဖွဲ့)၊ အက္ခရာ အမျိုးသမီးအဖွဲ့၊ Colourful girls အမျိုးသမီးအဖွဲ့၊ RAINFALL - အမျိုးသမီး အဖွဲ့၊ ဖန်တီးအိမ် - Phan Tee Ein ( Creative Home) အဖွဲ့၊ တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ (တ-က-သ)၊ Triangle Women Support Group တို့ဖြစ်သည်။

0 comments:
Post a Comment