Sunday, June 9, 2013

ရတနာပုံ တယ်လီပို့ကို အများပိုင် ကုမ္ပဏီအဖြစ် ပြောင်းလဲဖွဲ့စည်း

ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်း လိုင်စင် အတွက် အာမခံချက် ရရှိထားပြီး ဖြစ်သည့် ရတနာပုံ တယ်လီပို့ ကုမ္ပဏီကို အများပိုင် ကုမ္ပဏီ အဖြစ်သို့ ပြောင်းလဲ ဖွဲ့စည်းလိုက်ကြောင်း အဆိုပါကုမ္ပဏီ ဒုတိယဥက္ကဋ္ဌ ဦးရန်ဝင်းက ပြောကြားသည်။

ရန်ကုန်မြို့ လှိုင်မြို့နယ်ရှိ မြန်မာအင်ဖိုတက် အဆောက်အအုံ၌ ဇွန်လ ၈ ရက် နေ့ကကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲတွင် ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းများ စတင်ဆောင်ရွက်ရန် ယခင် အစိုးရနှင့် ပုဂ္ဂလိက ဖက်စပ် ပိုင်ဆိုင်သည့် ကုမ္ပဏီအဖြစ်မှ အများပိုင်သို့ ပြောင်းလဲ ဖွဲ့စည်းခြင်း ဖြစ်၍ နိုင်ငံတစ်ဝန်း အစုရှယ်ယာ ပါဝင်လိုသည့် မည်သူမဆို သိရှိရန် ယခုကဲ့သို့ ရှင်းလင်း ကြေညာရခြင်း ဖြစ်ကြောင်း ဦးရန်ဝင်းက ဆိုသည်။

ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်း လည်ပတ်နိုင်ရန် အနည်းဆုံး မတည်ငွေ ဒေါ်လာသန်းငါးရာနှင့် အထက် ရင်းနှီးရန် လိုအပ်မည် ဖြစ်ပြီး အစိုးရ၏ ရှယ်ယာ ၅၂ ရာခိုင်နှုန်းကို ၅ ရာခိုင်နှုန်းအောက် အထိ လျှော့ချသွားမည် ဖြစ်ကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။

အများပိုင်ကုမ္ပဏီ၏ ရှယ်ယာများကို စတင် ရောင်းချပါက အစုရှယ်ယာ တစ်စုလျှင် ကျပ်တစ်သောင်း သတ်မှတ်မည် ဖြစ်ပြီး မည်သည့် ပုဂ္ဂိုလ်အဖွဲ့အစည်းကိုမဆို တစ်ဦးလျှင် ကျပ်သိန်းတစ်သောင်းဖိုး အထိ ရှယ်ယာ ရောင်းချပေးမည် ဖြစ်ကြောင်း၊ ရှယ်ယာ ကျပ်သိန်း သုံးထောင်ဖိုး အထိ ပိုင်ဆိုင်ပါက ဒါရိုက်တာအဖွဲ့အဖြစ် ရွေးချယ် ခံနိုင်ခွင့် ရှိမည် ဖြစ်ကြောင်း ရတနာပုံ တယ်လီပို့ ကုမ္ပဏီ အမှုဆောင် အရာရှိချုပ် ဦးတင်ဝင်းက ပြောကြားသည်။

ထို့အတွက် လက်ရှိ ကုမ္ပဏီ၏ ရှိရင်းစွဲ တန်ဖိုးကို နိုင်ငံတကာမှ ကျွမ်းကျင်သည့် တွက်ချက်မှု လုပ်ငန်းဆိုင်ရာ အဖွဲ့အစည်းများကို ငှားရမ်း၍ ပြန်လည် သတ်မှတ်မည် ဖြစ်ကြောင်း၊ ထိုသို့သတ်မှတ် ပြီးမှသာ ရှယ်ယာများ စတင်ရောင်းချမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ယခင်ကအင်တာနက်နှင့် နည်းပညာ ဝန်ဆောင်မှု အများစုကို
ဆောင်ရွက်နေသည့် ရတနာပုံ တယ်လီပို့သည့် အစိုးရ၏ ခွင့်ပြုချက်အရ မိုဘိုင်းလ် ဆက်သွယ်ရေး ကဏ္ဍကို တိုးချဲ့ဝင်ရောက်မည်
ဖြစ်ပြီး ဂြိုဟ်တု လွှတ်တင်ရေးကဲ့သို့သော အခြား ဆက်သွယ်ရေးဆိုင်ရာ လုပ်ငန်းများကိုလည်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အဆိုပါကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

အစိုးရက မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး ကဏ္ဍကို မြှင့်တင်ရန်
နိုင်ငံ တစ်ဝန်းလုံး၌ မိုဘိုင်းလ်ဖုန်းနှင့် အခြားဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းများ လုပ်ကိုင်နိုင်ရန် စုစုပေါင်းကုမ္ပဏီ အဖွဲ့အစည်းလေးခုကို ခွင့်ပြုမည် ဖြစ်ရာ MPT ကို အသွင်ပြောင်း ဖွဲ့စည်းမည့် မြန်မာ တယ်လီကွန်းနှင့် ရတနာပုံတယ်လီပို့ ကုမ္ပဏီက ဆောင်ရွက်မည့် ရတနာပုံ တယ်လီကွန်းတို့ကို လိုင်စင် နှစ်နေရာ ကတိပြုထားပြီး ဖြစ်သည်။

0 comments:

Post a Comment