Saturday, June 29, 2013

ချုံကင်းခရိုင် ကွန်မြူနစ်ခေါင်းဆောင် ထောင်ဒဏ် ၁၃နှစ် ချမှတ်ခံရ

Saturday, June 29, 2013

အသက် ၁၈ နှစ်ရွယ် မိန်းကလေးတစ်ဦးနှင့် ပျော်ပါးနေသည့် ဗီဒီယို အင်တာနက်ပေါ်တွင် ထွက်ပေါ်ခဲ့သော တရုတ်နိုင်ငံ ချုံကင်းခရိုင်၏ ထိပ်တန်း ကွန်မြူနစ် ခေါင်းဆောင်တစ်ဦးကို လာဘ်စားမှုဖြင့် ထောင်ဒဏ် ၁၃ နှစ် ချမှတ်လိုက်ကြောင်း ဘီဘီစီ သတင်းတွင် ဖော်ပြထားသည်။

ချုံကင်းခရိုင် တရုတ်ကွန်မြူနစ် ထိပ်ပိုင်း ခေါင်းဆောင် တစ်ဦးဖြစ်သော လိုင်ကျန်းဖုသည် အသက် ၁၈ နှစ်အရွယ် မိန်းကလေးနှင့် ပျော်ပါးနေသည့် ဗီဒီယိုဖိုင်မှာ ယမန်နှစ်က အင်တာနက်ပေါ်တွင် ထွက်ပေါ်လာခဲ့ပြီးနောက် တရုတ် ကွန်မြူနစ်ပါတီမှ ထုတ်ပစ်ခြင်း ခံခဲ့ရသည်။

ထို့ပြင် ၎င်းသည် တရုတ်ယွမ်ငွေ ၃ ဒသမ ၁၆ သန်း (အမေရိကန်ဒေါ်လာ ၀ ဒသမ ၅၁ သန်း) ခန့် လာဘ်စားထားသည်ကိုလည်း စစ်ဆေး တွေ့ရှိ ရခြင်းကြောင့် ထောင်ဒဏ် ၁၃ နှစ် ချမှတ်လိုက်ခြင်း ဖြစ်ပြီး ထောင်ဒဏ်နှင့် အတူ ယွမ်ငွေ သုံးသိန်း ဒဏ်ငွေ ပေးဆောင်ရန် တရားရုံးက အမိန့်ချမှတ်ခဲ့ သည်။

အဆိုပါ ဗီဒီယိုသည် စီးပွားရေးသမား တစ်ဦးဖြစ်သူ ရှိုရီက တရုတ် အာဏာ ပိုင်များကို အမျိုးသမီးများနှင့် ပျော်ပါးစေ၍ မှတ်တမ်းအဖြစ် ရိုက်ကူး ထားခြင်း ဖြစ်သည်။

၎င်းသည် အခြားသော တရုတ် အစိုးရ အာဏာပိုင်များကိုလည်း အမျိုးသမီး များနှင့် ပျော်ပါးစေခဲ့ကြောင်း စွပ်စွဲခံထားရသည်။

ယခု ပြစ်ဒဏ် ချမှတ်ခံခဲ့ရသည့် ချုံကင်းခရိုင် ကွန်မြူနစ်ပါတီ ခေါင်းဆောင် တစ်ဦးဖြစ်သူ လိုင်ကျန်းဖု၏ တရားခွင်တွင် ဗီဒီယို မှတ်တမ်း၌ ပါဝင်သည့် အမျိုးသမီး အပါအဝင် စီးပွားရေးသမား ရှိုရီ တို့ကိုလည်း တွေ့ရသည်။

စီးပွားရေးသမား ရှိုရီသည် ငွေညှစ်ရန်၊ ၎င်းလိုချင်သော စီးပွားရေး ကန်ထရိုက် ရယူရန် ရည်ရွယ်၍ တရုတ် အာဏာပိုင်များနှင့် အမျိုးသမီး များ ပျော်ပါးနေပုံကို ဗီဒီယို မှတ်တမ်း ရိုက်ယူခဲ့ခြင်းဖြစ်သည်။

ယင်းလျှို့ဝှက်ချက်ကို ဘလော့ဂါနှင့် ဂျာနယ်လစ် တစ်ဦးဖြစ်သူ Zhu Ruifeng က တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

တရုတ်သမ္မတသစ် ရှီကျင့်ဖျင်သည် ၎င်းအာဏာရယူခဲ့သည့် အချိန်မှစ၍ ပထမ ဦးစားပေးအဖြစ် ပါတီ ခေါင်းဆောင်များ၏ အကျင့်ပျက် ခြစားမှုကို တိုက်ဖျက်ခြင်းကို လုပ်ဆောင်လျက်ရှိသည်။

The Voice Weekly

0 comments:

Post a Comment