Wednesday, June 19, 2013

ရုပ်သံ စတူဒီယို တည်ဆောက်မည့်မြေ ရောင်းချခြင်းအတွက် ဈေးနှုန်းသတ်မှတ်ရန် ဆွေးနွေး

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဘိုကုန်းရပ်ကွက်၊ အထက်လမ်းမကြီးရှိ မြို့နယ်စည်ပင်သာယာရေးပိုင် ရုပ်သံစတူဒီယို တည်ဆောက်မည့် သံလွင်ဥယျာဉ် မြေရောင်းချရေးအတွက် ဈေးနှုန်းသတ်မှတ်ခြင်းနှင့် စာချုပ် ချုပ်ဆိုရေး ကိစ္စရပ်တို့ကို စတင်ညှိနှိုင်း ဆွေးနွေးကြသည်။

သံလွင်ဥယျာဉ်မြေ သုံးဧကခန့်ကို ရုပ်သံစတူရီယို တည်ဆောက်ရန်အတွက် ရွှေသံလွင် ကုမ္ပဏီသို့ ရောင်းချပေးမည်ဖြစ်ရာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စီမံခန့်ခွဲရေးကော်မတီ၊ မြို့နယ် ဖွံ့ဖြိုးတိုးတက် ရေးအထောက်အကူပြု ကော်မတီတို့က ဈေး နှုန်းသတ်မှတ်ရန် ဇွန်လ ၁၇ ရက်တွင် စတင် ဆွေးနွေးခဲ့ကြသည်။

မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီအတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက ''သံလွင်ဥယျာဉ် မြေရောင်းချဖို့အတွက် ဈေးနှုန်းသတ်မှတ်ဖို့နဲ့ စာချုပ်ကိုဘယ်လိုချုပ်မလဲဆိုတာ ပထမ ညှိနှိုင်းဆွေးနွေးကြတာ။ နောက်တစ်ခေါက် တွေ့ဆုံဆွေးနွေးတဲ့အခါကြမှ ရောင်းမယ့်ဈေးရော စာချုပ်ချုပ်ဆိုရမယ့်ပုံစံရော ကျွန်တော်တို့ လုပ်နိုင်မယ်'' ဟု ဆိုသည်။

သံလွင်ဥယျာဉ်တွင် စတူရီယိုတည်ဆောက်မည့် ရွှေသံလွင်ကုမ္ပဏီကို အနှစ် ၃ဝ မြေငှားရမ်းရန် မြို့ခံတို့က အကြံပြုထားကြသော်လည်း ကုမ္ပဏီဘက်က မြေနေရာ ရောင်းချပေးနိုင်မှသာလျှင် ¤င်းတို့အတွက် အဆင်ပြေနိုင်မည်ဟု အဆိုပြုလာသည့်အတွက် မြေကိုရောင်းချရန် ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။

မြေရောင်းချခြင်းဖြင့် ရရှိလာမည့် ငွေကြေးများကို မည်သည့်နေရာတွင် အသုံးပြုသွားမည်ကို စည်ပင်သာရေး အဖွဲ့အနေဖြင့် ပြည်သူလူထုတို့အား ပွင့်လင်းမြင်သာမှုရှိအောင်ချပြသင့်ကြောင်းလည်း မြို့ခံလူထုတို့က ပြောကြားခဲ့သည်။

ပြည်နယ်စည်ပင်သာရေးဝန်ကြီး ဒေါက်တာ တိုးတိုးအောင်ကမူ မြေနေရာ အတွက် ရောင်းရငွေ များကို မော်လမြိုင်မြို့နယ် စည်ပင်သာ ယာရေးဘဏ္ဍာငွေအဖြစ် ထည့်သွင်းသွားမည်ဖြစ်ပြီး ၎င်းငွေဖြင့် မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ လုပ်ဆောင်သွားမည်ဟု ပြောသည်။

ဒေါက်တာ တိုးတိုးအောင်က ''ရရှိလာတဲ့ငွေကို ကျွန်တော်တို့ မော်လမြိုင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ ဘတ်ဂျက်ရန်ငွေ အဖြစ်ပေးသွင်းပြီး မော်လမြိုင်မြို့နယ် ဖွံ့ဖြိုးရေးအတွက်ပဲ သုံးမှာပါ။ သုံးမယ့်နေရာမှာလည်း ပိုပြီးတော့ ပွင့်ပွင့်လင်းလင်း မြင်မြင်သာ လုပ်စေချင်တယ်ဆိုရင် အခု ကျွန်တော် တို့ ရောင်းလို့ရတဲ့ ငွေ ပမာဏ တစ်ခုကို ဥပမာသိန်း သုံး ထောင် သိန်း ငါး ထောင်။ အဲဒါနဲ့ပတ်သက်ပြီး ပြည်သူလူထုက ဒီဟာကို ဘယ်မှာသုံးမလဲဆိုရင် အဆိုပြုပါ။ လာမယ့်နှစ်ဘတ်ဂျက်မှာ ကျွန်တော်တို့ ထည့်သွင်းရေးဆွဲပြီးတော့ ကျွန်တော်တို့ လုပ်ပေးလို့ ရပါတယ်'' ဟုဆိုသည်။

သံလွင်ဥယျာဉ်တွင် အဆင့်မြင့်ဈေးဝယ် စင်တာတည်ဆောက်ခြင်းနှင့် ရွှေသံလွင် ကုမ္ပဏီမှ ရုပ်သံစတူဒီယို တည်ဆောက်ခြင်းတို့အတွက် မြို့ခံပြည်သူလူထုတို့၏ ဆန္ဒကို သိရှိနိုင်ရန် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့ခံသူလူထုတို့ တွေ့ဆုံခဲ့ကြပြီး ၎င်းလုပ်ငန်း အကောင်အထည်ဖော်ရန် မူအားဖြင့် သဘောတူထားခဲ့ကြသည်။

သံလွင်ဥယျာဉ်တွင် အဆင့်မြင့်ဈေးဝယ် စင်တာတည်ဆောက်ခြင်းကို City Hold Co, Ltd. မှ လုပ်ဆောင်သွား မည် ဖြစ်ပြီး ရုပ်သံ စတူဒီယိုတည်ဆောက်ခြင်းကို ရွှေသံလွင်ကုမ္ပဏီက လုပ်ဆောင်သွားမည် ဖြစ်သည်။

၎င်းပြင် သံလွင်ဥယျာဉ်အတွင်း အဆင့်မြင့်ဈေးဝယ်စင်တာ တည်ဆောက်ရန်အတွက် ထိုင်းကုမ္ပဏီတစ်ခုဖြစ်သည် IMAC ကုမ္ပဏီကလည်း ပြည်နယ်အစိုးရထံ တင်ပြတောင်းဆိုမှုရှိခဲ့ပြီး မွန်ပြည်နယ်စည်ပင် သာ ယာရေးအဖွဲ့၏ အဆင့်မြင့်ဈေးဝယ်စင်တာတည်ဆောက်ရန် တင်ဒါခေါ်ယူခဲ့မှုကြောင့် ရန်ကုန်မြို့မှ ကုမ္ပဏီကြီးများလည်း လာရောက်လျှောက်ထားခဲ့သည်။

Mizzima

0 comments:

Post a Comment