Friday, May 31, 2013

အမျိုးသမီးများထက် အမျိုးသားများ သက်တမ်းပိုတိုစေသော အကြောင်းရင်း(၆)ရပ်

အသက်အရွယ်မရွေးမှာ လိုက်ကြည့်မယ်ဆိုရင် အမျိုးသားတွေဟာ အမျိုးသမီးတွေထက် ပိုပြီး အသက်တို ကြပါတယ်။ အယ်လ်ဇိုင်းမားရောဂါ ကလွဲလို့တကယ်သေနိုင်လောက်တဲ့ ရောဂါ ၁၅ မျိုးလောက်မှာ ယောက်ျားတွေက ပိုအဖြစ်များတာကို တွေ့ရပါတယ်။ ဒါကြောင့် ကမ္ဘာကြီးပေါ်မှာ ပျမ်းမျှ
ယောက်ျားတွေက မိန်းမတွေထက် ၅နှစ်လောက် အသက်ပိုတိုတယ်လို့ စစ်တမ်းများအရ တွေ့ရှိထားရတာ ဖြစ်ပါတယ်။ (အယ်လ်ဇိုင်းမားရောဂါ အကြောင်းကို မက်ဖန်ပရိသတ်များ ပြည့်စုံစွာ သိရှိအောင် ရေးသားဖော်ပြပေးဖို့ ရှိပါတယ်)။

ခန္ဓာကိုယ်ပိုင်းဆိုင်ရာ အချက်တွေ ကွဲပြားမှု ရှိတာတွေကြောင့်လဲ ပါသလို နေထိုင်ပုံ Lifestyle ကလဲ အဓိက လွှမ်းမိုးတဲ့ အချက်ဖြစ်ပါတယ်။ အမျိုးသားတွေဟာ ကျန်းမာရေးလိုက်စားဖို့နဲ့ ရောဂါ တစ်ခုခု ဖြစ်လာခဲ့ရင် ဆေးကုသမှု စောစွာခံယူဖို့ အချိန်ဆွဲတတ်ကြတာ အဓိက အချက်ဖြစ်ပါတယ်လို့ ကမ္ဘာတစ်ဝန်း ကျန်းမာရေးပညာရှင်များက တညီတညွတ်ထဲ အဆိုပြုကြပါတယ်။

“အမျိုးသားတွေဟာ ကျန်းမာရေးထက် တခြားအရေးတွေကို ပိုအာရုံစိုက်ကြတဲ့ သဘာဝ ရှိပါတယ်။ ဥပမာ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ အားကစား စသဖြင့် မိမိ စိတ်ဝင်စားစရာတွေကိုပဲ လုပ်နေကြပါတယ်။ ဒီလို ကိုယ်လုပ်ချင်တာတွေကို လူ့အသိုင်းအ၀ိုင်းထဲမှာ လုပ်နေရရင်ပဲ သူတို့ကိုယ်သူတို့ ကျန်းမာတယ်လို့ ထင်နေတတ်ကြပါတယ်” လို့ ကျွန်တော့်ရဲ့ဆရာ အထူးကုဆရာဝန်ကြီးတစ်ဦးက ပြောပြပါတယ်။

အမျိုးသားတွေဟာ ဆရာဝန်ဆီသွားဖို့ အမျိုးသမီးတွေလောက် လွယ်လွယ် မဆုံးဖြတ်ကြတဲ့အတွက် တကယ်တမ်း ဆရာဝန်ဆီ မဖြစ်မနေ ရောက်ကြတဲ့ အချိန်မှာ လွန်ကုန်ကြတဲ့ သဘောလဲ ရှိပါတယ်။
အမေရိကန်အမျိုးသားကျန်းမာရေး ဂျာနယ် ရဲ့ အယ်ဒီတာချုပ်ဖြစ်သူ Demetrius Porche ကလဲ “အမျိုးသားတွေဟာ အလုပ်လုပ်နိုင်နေတယ်၊ စွမ်းဆောင်နိုင်တယ်လို့ သူတို့ကိုယ်သူတို့ ယုံကြည်နေသမျှ ကာလပတ်လုံး ကျန်းမာရေးအတွက် ခန္ဓာကိုယ်ကို ညှာဖို့ စစ်ဆေးဖို့ ဘယ်တော့မှ အတွေးမ၀င်ကြပါဘူး။ နောက်ပြီး ဆေးလိပ်အရက်၊ မူးယစ်ဆေးဝါး စတာတွေကလဲ အမျိုးသားတွေက ပိုသုံးကြပါတယ်” လို့ ကောက်ချက်ချပါတယ်။

ဒီတော့ ကမ္ဘာတစ်ဝန်း အမျိုးသားတွေအားလုံးရဲ့ ကျန်းမာရေးကို အခြိမ်းခြောက်ဆုံး ရောဂါ (၆)မျိုး အကြောင်းကို မက်ဖန်ပရိသတ်များ အားလုံး ဆင်ခြင် ကာကွယ်ဖွယ် ဖော်ပြပေး လိုက်ပါတယ်။ ကာကွယ်နည်းများကတော့ ကျွန်တော် အရင်တင်ထားတဲ့ ဆောင်းပါးများမှာ ကြည့်ရှုနိုင်ပါတယ်။

(၁)နှလုံးနှင့် သွေးကြောဆိုင်ရာရောဂါများ Cardiovascular Diseases လို့ခေါ်တဲ့ နှလုံးနှင့် သွေးကြောဆိုင်ရာရောဂါများဟာ ယောက်ျားတွေ အသေအပျောက် အများဆုံးရောဂါ နံပတ်တစ် ဖြစ်ပါတယ်။ atherosclerosis လို့ခေါ်တဲ့ သွေးကြောတွေ မာခဲပိတ်ဆို့လာလို့ သွေးမလျှောက်တော့တဲ့ ရောဂါများ ဖြစ်ပါတယ်။ အထူးသဖြင့် နှလုံးသွေးကြောပိတ် ရင်ဘတ်အောင့် ရောဂါ (Angina) ဖြစ်ပါတယ်။ အခန့်မသင့်ရင် heart attack နဲ့ ပွဲချင်းပြီး သေတတ်ပါတယ်။ ကမ္ဘာတစ်ဝန်းမှာကိုက atherosclerosis ကြောင့် လေဖြတ်ခြင်းနဲ့ နှလုံးသွေးကြောပိတ်ခြင်းတွေဟာ လူတွေ အသေအများဆုံး ရောဂါတွေ ဖြစ်ပါတယ်။ ကမ္ဘာ လုံးဆိုင်ရာ ပြဿနာကြီး တစ်ခုတောင် ဖြစ်နေပါပြီ။
အဲလို atherosclerosis က ဘာလို့ဖြစ်ရသလဲဆိုတော့ သွေးတွင်းအဆီဓာတ်တွေ များလွန်းလို့ သွေးကြော နံရံတွေ အပေါ် အဆီတွေ အနည်ကျပြီး ပိတ်ဆို့တာ ဖြစ်ပါတယ်။ ဒါကြောင့် အမျိုးသားတွေဟာ အသက် ၆၅ နှစ်ကျော်တာနဲ့ လူတိုင်း အဲဒီရောဂါတွေ စတင်ခံစားရတော့တာပါပဲ။ ငယ်ငယ်ကတည်းက မဆင်ခြင်ဘဲ သွေးတွင်း ကိုလက်စထရော များတဲ့ သူတွေကတော့ ဒီထက် စောတတ်ပါတယ်။ မြီးကောင်ပေါက် ဆယ်ကျော်သက်အရွယ်ချင်း ယှဉ်ရင်တောင် မိန်းကလေးတွေရဲ့ သွေးကြောတွေက ယောက်ျားလေး တွေထက် ပိုကောင်းပါတယ်။ နောက်တစ်ချက် အနေနဲ့ မိန်းကလေးတွေမှာ သဘာဝအရကိုက ကျန်းမာရေးကို အထောက်အကူပြုတဲ့ HDL ခေါ် ကိုလက်စထရော တစ်မျိုး ပိုပါပါတယ်။ ဒါကြောင့် အမျိုးသားများ အားလုံးကို အကြံပြုချင်တာက……..
(၁)အသက် ၂၅ နှစ်ကျော်ကတည်းက သွေးတွင်း ကိုလက်စထရော တိုင်းတာပါ။ အနည်းဆုံး ငါးနှစ်တစ်ကြိမ် ဆက်တိုင်းပါ။
(၂)သွေးပေါင်ချိန်နဲ့ ကိုလက်စထရော များနေရင် ချပေးပါ။
(၃)ဆေးလိပ်ကို ရှောင်ပါ။
(၄)တစ်နေ့ကို အနည်းဆုံး လှုပ်လှုပ်ရှားရှားလုပ်ချိန် နာရီဝက်တော့ ရှိပါစေ။
(၅)ဟင်းသီးဟင်းရွက် အသီးအနှံများ တတ်နိုင်သမျှ စားပေးပါ။

0 comments:

Post a Comment