Saturday, May 18, 2013

အာရှနှင့် ပစိဖိတ်ဒေသတွင်း နိုင်ငံများမှ ကင်းထောက်ကိုယ်စား လှယ်များ မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်

အာရှနှင့် ပစိဖိတ်ဒေသတွင်း နိုင်ငံများမှ ကင်းထောက် ကိုယ်စားလှယ်များ မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်၍ ပညာရေးဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးအေးကြူနှင့် ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ကင်းထောက်ကြီးများ၊ အခြေခံပညာကျောင်းများ ကင်းထောက်ငယ်လေးများနှင့် မေ ၁၇ ရက်၊ နံနက် ၁၀ နာရီက ရန်ကုန်တက္ကသိုလ်၊ စိန်ရတုခန်းမ၌ တွေ့ဆုံခဲ့သည်။

ကင်းထောက်လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန် အတွက် သြစတြေးလျနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ မလေးရှားနိုင်ငံ၊ နီပေါနိုင်ငံ၊ ထိုင်ဝမ်နိုင်ငံ အစရှိသည့် အာရှနှင့်ပစိဖိတ် ဒေသတွင်း နိုင်ငံများမှ ကင်းထောက် ကိုယ်စားလှယ်များ မြန်မာနိုင်ငံသို့ ပထမဦးဆုံးအကြိမ် လာရောက်ခဲ့ကြောင်း သိရသည်။

''မြန်မာနိုင်ငံမှာရှိတဲ့ ကင်းထောက်အဖွဲ့တွေ ပြန်လည်ရှင်သန်ဖို့အတွက် လာရောက်တာ ဖြစ်ပါတယ်၊ အဓိကအနေနဲ့ ပညာရေးဝန်ကြီးဌာနနဲ့ ချိတ်ဆက်ပြီး ကင်းထောက် Training Programm တွေ လုပ်ဆောင်သွားမယ်၊ အာရှနဲ့ပစိဖိတ် ဒေသတွင်း ကင်းထောက်အဖွဲ့တွေနဲ့ ချိတ်ဆက်မှုအပြင် ကမ္ဘာ့ကင်းထောက် အဖွဲ့ဝင်တွေအထိ ကင်းထောက်အဖွဲ့ဝင် လုပ်ငန်းတွေ ၀င်ဆံ့နိုင်အောင် ပိုမိုတိုးချဲ့ ချိတ်ဆက်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်'' ဟု အမှတ်(၁)အခြေခံပညာ ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် (အငြိမ်းစား)၊ ပညာရေးဝန်ကြီးဌာန၊ ကင်းထောက်သင်တန်း ပို့ချရေးကော်မတီ ဥက္ကဌ ဦးတင်ညိုက ပြောကြားခဲ့သည်။

နှစ်ပေါင်း ၅၀ ကျော်ကြာ ရပ်ဆိုင်းခဲ့ရသည့် ကင်းထောက်လုပ်ငန်းများအား ၂၀၁၂-၂၀၁၃ ပညာသင်နှစ်မှ စတင်ကာ အခြေခံပညာ ကျောင်းများတွင် တစ်နိုင်ငံလုံး အတိုင်းအတာအရ ကင်းထောက်အဖွဲ့များ ပြန်လည် ဖွဲ့စည်းခဲ့ပြီး နောက်ပိုင်းတွင် နိုင်ငံတကာ ကင်းထောက်အဖွဲ့ မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် ယခုကဲ့သို့ လာရောက်ခြင်းဖြစ်သည်။


ကင်းထောက်ကိုယ်စားလှယ်များ အဖွဲ့အား ပညာရေးဒုဝန်ကြီး ဦးအေးကြူမှ လက်ဆောင်ပစ္စည်း ပေးအပ်စဉ်

0 comments:

Post a Comment