Saturday, May 18, 2013

မြန်မာ့လူဦးရေနှင့်ယှဉ်လျှင် အင်တာနက် ပျံ့နှံ့ဝင်ရောက်နှုန်းမှာ ၂၀၁၂ ခုနှစ်အထိ သုညရာခိုင်နှုန်းသာရှိပြီး ဒေသတွင်း နိုင်ငံများနှင့် နှိုင်းယှဉ်လျှင် အနိမ့်ဆုံးဖြစ်နေ

မြန်မာ့လူဦးရေနှင့်ယှဉ်လျှင် အင်တာနက် ပျံ့နှံ့ဝင်ရောက်နှုန်းမှာ ၂၀၁၂ ခုနှစ် အထိ သုညရာခိုင်နှုန်းသာ ရှိနေပြီး ဒေသတွင်း နိုင်ငံများနှင့် နှိုင်းယှဉ်လျှင် အနိမ့်ဆုံး ဖြစ်နေကြောင်း International Telecommunication Union (ITU) နှင့် နိုင်ငံတကာ ထိပ်တန်း အကြံပေးကုမ္ပဏီ Roland Berger မှ ထုတ် ပြန်သော အချက်အလက်များအရ သိရသည်။

မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်း ပျံ့နှံမှုနှုန်းမှာ လူဦးရေ၏ ၇ ရာခိုင်နှုန်းသာ ရှိနေပြီး အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင်ပင် ၅၀ ရာခိုင်နှုန်းခန့် ရှိနေကြောင်း သိရသည်။ ကြိုးဖုန်းပျံ့နှံ့ ၀င်ရောက်မှုနှုန်းမှာ မြန်မာနိုင်ငံတွင် ၁ ရာခိုင်နှုန်းသာ ရှိသေးသည်ဟု ဆိုသည်။

ပြည်တွင်း အင်တာနက်သုံးစွဲမှုမှာ ၂၀၁၂ ခုနှစ်အထိ ခြောက်သောင်းနီးပါးသာ ရှိနေသဖြင့် လူဦးရေနှင့် နှိုင်းယှဉ်ပါက ၁ ရာခိုင်နှုန်းပင် မရှိသေးကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးတွင် ထိုသို့ နောက်ကျကျန်နေမှုများကို ကျော်လွှားရန် ၂၀၁၅-၂၀၁၆ ခုနှစ်တွင် မိုဘိုင်းဖုန်းပျံ့နှံ့မှုကို ၅၀ ရာခိုင်နှုန်းအထိ တိုးမြှင့်နိုင်ရန် လုပ်ဆောင်သွားမည်ဟု ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ၀န်ကြီးဌာနက ထုတ်ပြန်ချက်များအရ သိရသည်။

ထို့ပြင် ဆက်သွယ်ရေး ပစ္စည်းများကို ပြည်သူလူထုက တတ်နိုင်သော ဈေးနှုန်းဖြင့် ကျေးလက်နှင့် မြို့ပြပါမကျန် ရရှိနိုင်ရေး၊ ပြည်သူအနေနှင့် ၎င်းတို့၏ ဆက်သွယ်ရေး ကုမ္ပဏီကို ရွေးချယ်နိုင်ရေးတို့ကို လုပ်ဆောင်သွားမည် ဖြစ်သည်ဟု ဆိုသည်။

လက်ရှိအချိန်တွင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ပြည်တွင်းမှာ မိုဘိုင်းဆက်သွယ်ရေး ကွန်ရက်များကို တိုးချဲ့နိုင်ရေးနှင့် ပြည်သူများ ဆက်သွယ်ရေး ၀န်ဆောင်မှုကို ဈေးနှုန်းသက်သာစွာ ရရှိနိုင်ရေးအတွက် မိုဘိုင်းအော်ပရေတာ ကုမ္ပဏီများအား တင်ဒါခေါ်ယူလျက်ရှိသည်။ ယခုအခါ ပြည်ပသီးခြား ကုမ္ပဏီများနှင့် ပြည်တွင်းပြည်ပ ပူးပေါင်းထားသည့် ကုမ္ပဏီပေါင်း ၁၂ ခုမှ အဆိုပါလုပ်ငန်း လုပ်ကိုင်ခွင့်အတွက် တင်ဒါ လျောက်ထားကြောင်း သိရသည်။ အဆိုပါ တင်ဒါများထဲမှ လုပ်ကိုင်ခွင့်ရမည့် အော်ပရေတာကို ဇွန်လအတွင်း ထုတ်ပြန်သွားမည် ဖြစ်သည်။

ထိုသို့ လုပ်ကိုင်ခွင့်ရမည့် မိုဘိုင်းအော်ပရေတာကို ရွေးချယ်ရာတွင်လည်း ပွင့်လင်းမြင်သာစွာ ရွေးချယ်သွားမည်ဖြစ်ကြောင်း တင်ဒါရွေးချယ်ရေး ကော်မတီမှ ဥက္ကဋ္ဌ ဒေါက်တာဆက်အောင်က ပြောကြားထားသည်။

မြန်မာနိုင်ငံသည် မိုဘိုင်းဆက်သွယ်ရေး ဈေးကွက်ကြီးမားစွာ ရှိနေပြီး အကျိုးအမြတ်များစွာ ရရှိနိုင်သည့်အတွက် မြန်မာနိုင်ငံတွင် လုပ်ကိုင်ခွင့်ရရှိရန် ပြည်ပတယ်လီကွန်း ကုမ္ပဏီကြီးများက စိတ်ဝင်စား ပြိုင်ဆိုင်မှု မြင့်မားလျက် ရှိနေသည်။

ဒေသတွင်းနိုင်ငံများနှင့် အင်တာနက်ပျံ့နှံ့မှုနှုန်းနှိုင်းယှဉ်ချက် (၂၀၁၁-၂၀၁၂)
နိုင်ငံ

လူဦးရေအလိုက်ပျံ့နှံ့မှုရာခိုင်နှုန်း
ကိုရီးယား ၂၇%
တရုတ် ၈%
မလေးရှာ ၇%
ထိုင်း ၅%
ဖိလစ်ပိုင ၂%
အင်ဒိုနီးရှား ၁%
အိန္ဒိယ ၁%
ဘင်္ဂလားဒေ့ရှ် ၀%
မြန်မာ ၀%

လူငယ်အချို့ တယ်လီဖုန်းဖြင့် အင်တာနက်သုံးစွဲနေမှုကို တွေ့ရစဉ်(ဓာတ်ပုံ - အေးပပ)

သက်ဆိုင်ရာသတင်းဌာန၏ မူရင်းရေးသားချက် သာဖြစ်သည်

0 comments:

Post a Comment