Saturday, May 4, 2013
ရန်ကုန်(မဇ္ဈိမ)။ ။ စီမံကိန်းအနီးကျေးရွာများတွင် ဖုန်းဆက်သွယ်မှု ပြုလုပ်စဉ် မကြာခဏ ပြတ်တောက် သွားလျက်ရှိကြောင်း ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ရက်မှ ကိုဘထူးက ပြောသည်။
“ကျနော်တို့ ဖုန်းဆက်ပေမယ့် ဖုန်းဆက်မရဘူး။တခါတလေ လိုင်းကျသွားတာလား ဘာဖြစ်တာလဲမသိဘူး လုံးဝအသံမကြားရဘူး ပြောနေရင်းနဲ့လည်း အသံတွေရောသွားတယ်။ ရွာ ထဲက ဖုန်းတွေဆို ဆက်သွယ်မှု
ပြင်ပရောက်နေတယ် လို့ဖြစ်နေတယ်။”လို့ ကိုဘထူးက ဆိုသည်။
ထိုသို့ ဖြစ်နေသည်မှာ ဧပြီလ လကုန်ပိုင်းမှ စတင်ဖြစ်နေခြင်းဖြစ်ပြီး ယနေ့အထိ တုံရွာမ၊ မိုးကြိုးပြင် အလယ်ရွာ၊ မိုးကြိုးပြင် မြောက်ရွာ၊ ဆည်တဲကျေးရွာ၊တုံရွာသစ်နှင့် အခြားကျေးရွာ များတွင်လည်း ဖုန်းဆက်သွယ်မှုများ အဆင်မပြေကြောင်း မိုးကြိုးပြင်အလယ်ရွာဒေသခံ အမျိုးသမီးတဦးကဆိုသည်။
ဖုန်းဆက်သွယ်မှုနှင့် ပတ်သက်၍ ဆားလင်းကြီးမြို့နယ် စခန်းမှူး ဦးလှငွေက လိုင်းပြတ်တောက်ခြင်း လိုင်းဖြတ်ထားခြင်း မရှိကြောင်း မဇ္ဈိမကိုပြောခဲ့သည်။
“ကျနော်တို့ ဖုန်းလိုင်းတွေ ချိတ်ထားပါတယ်။ လိုင်းပြတ်တာမျိုး တွေမရှိပါဘူး အားလုံးက အဆင်ပြေ ပါတယ်။”ဟု စခန်းမှူးဦးလှငွေ ကပြောသည်။
ဒီမိုကရေစီ အမျိုးသမီး ကွန်ရက်မှ ဒေါ်နော်အုန်းလှ က ယခုရက်ပိုင်း အတွင်း မုံရွာမြို့အတွင်းရှိ ကျေးရွာများသို့ ဖုန်းလိုင်းများ ဆက်သွယ်မရကြောင်း ဖုန်းဆက်သည့် အခါတိုင်းတွင် ဆက်သွယ်မှု ဧရိယာပြင်ပ
ရောက်နေကြောင်း မဇ္ဈိမကို ပြောသည်။
ဆည်တဲရွာသားတဦး ကလည်း မိမိတို့ ဖုန်းဆက်မရ ဖြစ်နေခြင်းအတွက် လူမှုရေး အခက်အခဲများ
ဖြစ်ပေါ်နေပြီး စီးပွားရေးတွင်လည်း ထိခိုက်မှုများ ရှိလာမည်ဟု မဇ္ဈိမကို ၎င်းတို့ အခြေအနေအား ရှင်းပြသည်။
ဧပြီလ ၂၉ ရက်နေ့တွင် ဆားလင်းကြီးမြို့နယ်ရဲတပ်ဖွဲ့နှင့် စခန်းမှူးတို့ကို မီဒီယာအချို့ သွားရောက်
မေးမြန်းချက်များကို ဖြေကြားခဲ့ရာတွင် ဝရမ်းထုတ် ခံရသူများသည် ဥပဒေအရ ဆောင်ရွက်ရာတွင် အသာတကြည် အဖမ်းမခံပါက ဥပဒေအရ သေနတ်ဖြင့် ပစ်ဖမ်းသင့် ပစ်ဖမ်းမည်ဟု ဆိုလိုသည့် စကားများ ပြောလာသည် ဟုကိုဘထူး ကဆိုသည်။
“ လက်ရှိ အခြေအနေမှာ စစ်ရေးလေ့ကျင့်မှု တွေကိုနေ့တိုင်း ပြုလုပ်နေတယ်။ တကယ်တမ်း အရေးတကြီး
ဖြစ်လာတဲ့အခါမှာ ဖုန်းလိုင်း လုံးဝဆက်မရအောင် အခုအချိန် ကတည်းက ကြိုတင် ပြင်ဆင် ထားသည့် သဘောမျိုးပဲ”ဟု ရန်ကုန်ပြည်သူ့ အကျိုးဆောင်ကွန်ရက် မှကိုဘထူးက ၎င်း၏ အမြင်ကို မဇ္ဈိမကိုပြောသည်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအနီး ပုဒ်မ ၁၄၄ ထုတ်ထားသည့် နယ်မြေများတွင် ကြေးနီစီမံကိန်း ရုပ်သိမ်းရေး အကြောင်းပြ၍ ဒေသတည်ငြိမ်ရေးနှင့် အေးချမ်းသာယာရေးကို ပျက်ပြားအောင် လယ်ထွန်ခြင်း၊ ဆန္ဒပြခြင်းတို့ ပြုလုပ်ရန် သွေးထိုးလှုံ့ဆော်သူ ( ၈) ဦးကို စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့က အမှုဖွင့် အရေးယူမည်ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ထားပြီး ဒေသခံများမှ အလိုရှိသူများကို ဖမ်းဆီးရေး သတင်းပေးကြရန်၊ လက်ခံထားသူများ ကိုလည်း အရေးယူမည်ဟု ရဲတပ်ဖွဲ့က လူမြင်သာရာ နေရာများတွင် ထုတ်ပြန်ထားကြောင်း ဒေသခံများက မဇ္ဈိမကိုပြောခဲ့သည်။
Saturday, May 4, 2013
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အနီးကျေးရွာများ တွင် ဖုန်းဆက်သွယ်ရန် အဆင်မပြေ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment