Saturday, June 1, 2013

မြန်မာအပါအ၀င် မဲခေါင်ဒေသ သဘာဝသယံဇာတ လျော့ပါးလာခြင်းတွင် ရင်းမြစ်များ ထုတ်ယူရောင်းချမှု မြင့်တက်ခြင်းက အဓိကဖြစ်

1-6-2013


မြန်မာနိုင်ငံ အပါအ၀င် မဲခေါင်ဒေသ နိုင်ငံများအတွင်း သဘာဝ အရင်းအမြစ်များ လျော့ပါးလာခြင်းတွင် အဆိုပါ သယံဇာတများအား ထုတ်ယူရောင်းချခြင်း မြင့်တက်လာမှုက အဓိကအချက် တစ်ခုဖြစ်ကြောင်း ၂၀၁၃ ခုနှစ် မေလအတွင်းက ထုတ်ပြန်သည့် World Wildlife Fund(WWF) ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်၊ တရုတ်နိုင်ငံတို့ ပါဝင်သည့် မဲခေါင်ဒေသ၌ ယခုနှစ်များအတွင်း ပြောင်းလဲမှုများ ရှိနေပြီး ဆင်းရဲနွမ်းပါးမှုမှ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဆီသို့ ဦးတည်ခြင်း၊ နိုင်ငံရေးအခြေအနေ တည်ငြိမ်ခြင်း စသည့် ကောင်းသော ပြောင်းလဲမှုများလည်း ပါဝင်ကြောင်း၊ သဘာဝသယံဇာတ အရင်းအမြစ်များမှာမူ ခြိမ်းခြောက်ခံနေရသော အနေအထား ဖြစ်နေကာ အထူးသဖြင့် မူရင်းသစ်တောတည်ရှိမှု၊ တောတွင်းပေါက်ရောက်သော အပင်များနှင့် တိရစ္ဆာန်မျိုးစိတ်များ လျော့ပါးခြင်း ပါဝင်နေကြောင်း မဲခေါင်ဒေသရှိ ဂေဟစနစ်ဆိုင်ရာ အစီအရင်ခံစာတွင် ဖော်ပြထားသည်။ တရုတ်နိုင်ငံ အပါအ၀င် မဲခေါင်ဒေသနိုင်ငံများ၏ ယခင်က သစ်တောတည်ရှိမှု၊ လက်ရှိနှင့် အနာဂတ် အလားအလာများကို ဖော်ပြထားရာတွင် ၂၀၀၉ ခုနှစ် မှ ၂၀၃၀ ပြည့်နှစ်အထိ ကာလအတွင်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဖြစ်နိုင်ခြေပုံစံ နှစ်မျိုး ရှိနေသည်ဟု ဆိုထားသည်။

၂၀၀၂ ခုနှစ်မှ ၂၀၀၉ ခုနှစ်အတွင်း ကြုံတွေ့ခဲ့ရသော သစ်တောပြုန်းတီးမှုကဲ့သို့ ယိုယွင်းမှုများ ပါဝင်မည့် ရေရှည်တည်တံ့ခြင်း မရှိသော ဖွံ့ဖြိုးတိုးတက်မှုနှင့် အဓိက ဇီဝမျိုးစုံမျိုးကွဲ ကြွယ်ဝရာ ဒေသများတွင် ဆုံးရှုံးပျက်စီးမှုများ ထပ်မံမဖြစ်ပေါ်စေဘဲ ရေရှည်တည်တံ့ခြင်း မရှိသော ဖွံ့ဖြိုးမှုနှင့် ဆက်နွှယ်သည့် သစ်တောပြုန်းတီးမှုအား ရာခိုင်နှုန်း ၅၀ ၀န်းကျင် လျှော့ချနိုင်မည့် အစိမ်းရောင်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတို့ ဖြစ်သည်။

မဲခေါင်ဒေသအတွင်း လတ်တလော ပြောင်းလဲမှုများ အနေဖြင့် ၁၉၇၃ ခုနှစ်မှ ၂၀၀၉ ခုနှစ်အတွင်း သစ်တော သုံးပုံတစ်ပုံခန့် ဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့သည်။ ယင်းအနက် ကမ္ဘောဒီးယားနိုင်ငံတွင် ၂၂ ရာခိုင်နှုန်း၊ လာအိုနှင့် မြန်မာနိုင်ငံတို့တွင် ၂၄ ရာခိုင် နှုန်း၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့တွင် ၄၃ ရာခိုင်နှုန်း ဖြစ်သည်ဟု WWF ၏ ဆန်းစစ်ချက်အရ သိရသည်။ မြန်မာနိုင်ငံ၏ သစ်တောပြုန်းတီးမှုမှာမူ ယင်းကာလအတွင်း မဲခေါင်ဒေသ သစ်တောပြုန်းတီးမှု စုစုပေါင်း၏ ၃၀ ရာခိုင်နှုန်း ဖြစ်သည်ဟု အဆိုပါ အစီရင်ခံစာအရ သိရသည်။

မဲခေါင်ဒေသ၏ သဘာဝရင်းမြစ်များ ပြောင်းလဲလျော့ပါးလာခြင်းသည် လူဦးရေနှင့် လူဦးရေ သိပ်သည်းဆ တိုးတက်လာကာ ၀င်ငွေမမျှတခြင်း၊ ဒေသတွင်းတွင် ရင်းမြစ်များအား ရေရှည်ထိန်းသိမ်းနိုင်မှု မရှိသည့်နည်းလမ်းဖြင့် အသုံးပြုနေကာ စားနပ်ရိက္ခာအတွက် သုံးစွဲမှုထက် ပြည်ပပို့ကုန် ၀ယ်လိုအားမြင့်တက်မှုက အဓိကဖြစ်ခြင်း၊ အစီအစဉ်တကျ မရှိသော၊ ရေရှည်တည်တံ့ခြင်း မရှိသော ပုံစံဖြင့် ဆည်၊ လမ်း စသည့်အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးလာခြင်း၊ အစိုးရ၏ အုပ်ချုပ်ပုံ အားနည်းခြင်း၊ ပမာဏများပြားစွာဖြင့် တောတွင်းထွက် ရင်းမြစ်များအား ရောင်းဝယ် ဖောက်ကားမှုအပေါ် အကျင့်ပျက်ခြစားမှု ရှိနေခြင်း စသည့် အချက်များကြောင့် ဖြစ်သည်ဟု အစီရင်ခံစာက ဖော်ပြသည်။

မြန်မာနိုင်ငံတွင် ထူထပ်သည့် သစ်တောဖုံးလွှမ်းမှု ဧရိယာမှာ ယခုနှစ်တွင် နိုင်ငံဧရိယာ၏ ၁၉ ရာခိုင်နှုန်းဖြစ်သည့် ဧရိယာစတုရန်းမိုင် ၅၁၉၁၀ ကျော်သာ ကျန်ရှိတော့ကြောင်း သိရသည်။

ထိုင်း၊ လာအို၊ မြန်မာ သုံးနိုင်ငံကြားရှိ မဲခေါင်မြစ်တစ်နေရာအား တွေ့ရစဉ် (ဓာတ်ပုံ - စည်သူအောင်)

0 comments:

Post a Comment