Thursday, May 9, 2013

တံတားဦးမြို့ ဘေးလုံပရိယတ္တိစာသင်တိုက်တွင် သံဃာတော်များ အစာအဆိပ်သင့်မှုဖြစ်ပွား

Thursday,May09,2013

မေလ ၈ ရက်နေ့က တံတားဦးမြို့မှာ အစာအဆိပ်သင့်မှုတစ်ရပ် ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ ၄င်းနေ့ နံနက် ၅ နာရီ အချိန်ခန့်က“ဘေးလုံ ပရိယတ္တိစာသင်တိုက်”တွင် နံနက်အရုဏ်ဆွမ်း ဘုန်းပေး ပြီး ၄၅ မိနစ်ခန့်အကြာတွင် သံဃာအချို့ မူးဝေခြင်း၊ အော့အန်ခြင်း၊ ဝမ်းလျှောခြင်းများ ဖြစ်ပွားခဲ့သည့် အတွက် တံတားဦးမြို့ ပြည်သူ့ဆေးရုံသို့ တင်ပို့ကုသခဲ့ရကြောင်း သိရပါတယ်။ အဆိုပါဖြစ်ရပ်တွင် ကိုရင်(၁၂) ပါး၊ ဦးဇင်း(၁)ပါး၊ လူ(၃)ဦးတို့ အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့တာလို့ သိရတယ်။

မေ ၈ ရက်နေ့ အဆိုပါကျောင်းတိုက်တွင် နံနက်အရုဏ်ဆွမ်းကို တံတားဦးမြို့ပေါ်ရှိ အလှူ့ရှင် မိသားစုမှ ရှင်ပြုအလှူတော်မင်္ဂလာဆွမ်းဆက်ကပ်ပွဲအဖြစ် ကြက်သားဒန်ပေါက်ဆွမ်းကပ်ခဲ့ပြီး ဘုန်းပေးသည့်သံဃာ အပါး ၅၀ ကျော်အနက် သံဃာအချို့နှင့် လူအချို့ အခုလို အစာအဆိပ်သင့်မှု ဖြစ်ပွားတာလို့ သိရပါတယ်။ မြို့နယ်ဆေးရုံတာဝန်ကျ လက်ထောက်ဆရာဝန် တစ်ဦးက ဒါဟာ အစာအဆိပ်သင့်တာပါလို့ မြန်မာဓိကကို ပြောပါတယ်။

"ကျောင်းကသံဃာတွေက အရုဏ်ဆွမ်းဘုန်းပေးပြီး ဆွမ်းခံထွက်တော့ ဆွမ်းတန်းကိုပြီးအောင် မလိုက်နိုင်ဘဲ လမ်းတစ်ဝက်မှာပဲ ကျောင်းကို ပြန်လာကြရပြီး မူးတဲ့ကိုယ်တော်က မူးဝေလို့၊ အန်တဲ့ ကိုယ်တော်က အန်နေကြပြီ၊ ကိုယ်တော်တချို့မှာ ဝမ်းသွားကုန်တယ်၊ အဲဒီကျမှပဲ အကုန်လုံးက ထိတ်ထိတ်ပြာပြာဖြစ်ပြီး ကိုယ်တော်တွေကိုဆေးရုံပို့ကြတယ်၊ ဆေးရုံရောက်တော့မှ ဒေါက်တာမက ဒါဟာအစာအဆိပ်သင့်တာလို့ ပြောတယ်'' လို့ ဘေးလုံကျောင်းမှ စာချကိုယ်တော် အရှင်တေဇက မိန့်ပါတယ်။ “အလှူကကျွေးတာတော့ ကြက်သားဒံပေါက်၊ ပလောကြော်၊ ချဉ်ရည်ဟင်းပါ၊ကျမတို့ကနေ့ပိုင်းစားတာတော့ ဘာမှမဖြစ်ပါဘူး”လို့  တ်ာဝင်ကွမ်းဆိုင်ပိုင်ရှင်က   မြန်မာဓိကကို ပြောပါတယ်။

လူနာများကို အချိန်မီ ဆေးရုံတင်ပို့ခဲ့ပြီး ဆေးရုံတာဝန်ရှိသူများက အနီးကပ်စောင့်ရှောက် ကုသမှုကြောင့် လူနာအချို့သက်သာပြီး ဆေးရုံမှာ လူနာအချို့သာကျန်ရှိကြောင်း သိရပါတယ်။ “အခု စိုးရိမ်စရာ မရှိတော့ပါဘူး၊ ဆလိုင်းပုလင်းလည်း ချိတ်ပြီးပြီ၊ ဆရာဝန်ကြီးက စိတ်ချအောင် ၂၄ နာရီ စောင့် ကြည့်ချင်လို့ ကိုရင် ၇ ပါးနဲ့ ဧည့်သည် ၃ ယောက်ပဲ ဆေးရုံမှာကျန်တယ်၊ မနက်ဖန်ဆို ဆင်းရမှာပါ” လို့ ဘေးလုံဆရာတော်ကြီး ဦးပညာသာရက မြန်မာဓိကသို့ မိန့်ပါတယ်။

ဟိန်းထက်အောင်

မြန်မာဓိက

0 comments:

Post a Comment