Saturday, May 18, 2013

မန္တလေးမြို့မှ အင်းဝဟိုတယ်ကို ထူးအုပ်စုမှ လွှဲပြောင်းရယူပြီး နှစ်နှစ်ခန့် ကြာသည်အထိ လုပ်ငန်း အကောင်အထည်ဖော်မှု မရှိသေး

မန္တလေးမြို့မှ အချက်အချာကျသော အင်းဝဟိုတယ်ကို ထူးအုပ်စုမှ လွှဲပြောင်းရယူပြီး နှစ်နှစ်ခန့် ကြာသည်အထိ လုပ်ငန်းအကောင်အထည်ဖော်မှု မရှိသေးကြောင်း သိရသည်။

၂၀၁၁ ခုနှစ် ဇူလိုင်လအတွင်းက အောင်မြေသာစံမြို့နယ် ၂၃ လမ်းနှင့် ၆၆ လမ်းထောင့်ရှိ အင်းဝဟိုတယ်ကို အစိုးရထံမှ ထူးအုပ်စုက လွှဲပြောင်းလုပ်ကိုင်ခွင့် ရရှိခဲ့သည်။ သို့သော် ယနေ့အချိန်ထိ ဟိုတယ်အဖြစ် ဖွင့်လှစ်နိုင်ခြင်း မရှိသေးသည့်အပြင် ပြင်ဆင်မွမ်းမံခြင်း လုပ်ငန်းများ လုပ်ကိုင်သည်ကိုလည်း တွေ့မြင်ရခြင်း မရှိကြောင်း မြို့ခံများနှင့် အနီးဝန်းကျင် နေထိုင်သူများ၏ ပြောကြားချက်အရ သိရသည်။

''မန္တလေးမှာ ဟိုတယ်အရေ အတွက်က လုံလောက်မှု မရှိတဲ့အချိန်မှာ ရှိပြီးသားတွေ အဆင့်မြှင့်တင်နေသလို ထပ်မံပြီးလည်း တိုးချဲ့တည်ဆောက် နေကြတာပါ။ အခုလို နေရာအကွက်အကွင်း ကောင်းကောင်းနဲ့ အခြေခံ အဆောက်အအုံ ရှိပြီးသား နေရာကို အချိန်နှစ်နှစ် ပြည့်တဲ့အထိ ဘာမှမလုပ်ပဲ ဒီတိုင်းထားတာဟာ မဟာဗျူဟာ ကျတဲ့နေရာမှာ မုန့်ပြစ်သလပ် ထိုင်ရောင်းနေသလိုပါပဲ။ တခြားဟိုတယ် လုပ်ငန်းရှင်တွေကို လမ်းအချက်အချာကျလို့ မြန်မြန်ဆောက်ပါ ဆောက်ပါဆိုပြီး သက်ဆိုင်ရာက သတိပေးခံရတဲ့ ဟိုတယ်တွေ သာဓက ရှိပါတယ်။ အခုလို နန်းတော်ရှေ့ ကျုံးမြို့ရိုးမျက်နှာပြု ငါးဧကနီးနီးကျယ်တဲ့ မြေနေရာမှာ ဟိုတယ်ကို ဒီတိုင်းပိတ်ထားတာ မြို့ကျက်သရေလည်း ယုတ်လျော့ပါတယ်။ ခရီးသွားများတဲ့အချိန် မန္တလေးအနေနဲ့ ဟိုတယ်အခန်း အရေအတွက် လုံလောက်မှု မရှိသေးတဲ့အတွက် အရှိန်အဟုန်နဲ့ မြန်မြန်တည်ဆောက် သင့်ပါတယ်'' ဟု မန္တလေးမြို့မှ ဟိုတယ်လုပ်ငန်းရှင် တစ်ဦးက ဆိုသည်။

အဆိုပါဟိုတယ်ကို ထူးအုပ်စုမှ လွှဲပြောင်းရယူသည့်အခါ အစိုးရလက်ထက်မှ ၀န်ထမ်း ၅၀ ကျော်မှ ကိုးဦး လက်ရှိအင်းဝဟိုတယ်တွင် တာဝန်ထမ်းဆောင်နေကြောင်း သိရသည်။ ယင်းဟိုတယ်ကို ၀ယ်ယူရန် စိတ်ဝင်စားမှုများ ရှိသည့်အတွက် ပြည်ပမှ လုပ်ငန်းရှင်များ မကြာခဏ လာရောက်ကြည့်ရှုလေ့ ရှိကြောင်းလည်း စုံစမ်းသိရှိရသည်။

အင်းဝဟိုတယ်သည် ၂၃ လမ်းမှ ၂၄ လမ်းတစ်လျှောက်၊ ၆၅ လမ်းမှ ၆၆ လမ်းတလျှောက်ထိ တစ်ပြပတ်လည် ၄ ဒသမ ၈ ဧက ကျယ်ဝန်းသည့် ကျုံးမျက်နှာပြု ဟိုတယ်ဖြစ်ကာ ဘန်ဂလိုပုံစံ အခန်းအရေအတွက် ၆၀ ရှိကြောင်း သိရသည်။ မန္တလေးမြို့တွင် ဟိုတယ် ၈၃ လုံးရှိပြီး အခန်းအရေအတွက် ၅၀၀၀ ကျော် ရှိကြောင်းလည်း ထပ်မံသိရသည်။

0 comments:

Post a Comment