မေလ ၂၈ ရက် ၂၀၁၃
သြစတြေးလျနိုင်ငံ အစိုးရရုံးစိုက်ရာ ကင်ဘာရာမြို့က သြစတြေးလျ လုံခြုံရေးဆိုင်ရာ ထောက်လှမ်းရေးအဖွဲ့ ASIO ရုံးအဆောက်အဦးရဲ့ လုံခြုံရေးနဲ့ ဆက်သွယ်ရေး စနစ်တွေအပါအဝင် အရေးကြီး အချက်အလက်တွေကို အင်တာနက်ကနေ တဆင့် ထိုးဖောက်ဝင်ရောက်ပြီး ခိုးယူတာ ခံခဲ့ရပါတယ်။
အရေးကြီးတဲ့ အချက်အလက်တွေ ထိုးဖောက်ခိုးယူခံရတာဖြစ်တဲ့အတွက် လုံခြုံရေးဆိုင်ရာ ကြီးမားတဲ့ ပြဿနာ ဖြစ်နိုင်တယ်လို့ သုံးသပ်ကြ (Credit: Reuters)
ဒီလို ထိုးဖောက်ခိုးယူခဲ့တဲ့ လက်သည်တရားခံဟာ တရုတ် နိုင်ငံ က ဖြစ်နိုင်တာ ကိုလည်း တွေ့ခဲ့ရပါတယ်။
ASIO က အချက်အလက်တွေကို ထိုးဖောက် ခိုးယူ ခဲ့တဲ့နောက်ကို အေဘီစီသတင်းဌာနက Four Corners အစီအစဉ်က စုံစမ်းခြေရာခံခဲ့ရာမှာ တရုတ်နိုင်ငံက ကွန်ပြူတာ ဆာဗာ တစ်လုံးကနေ အခြေပြုပြီး ထိုးဖောက် ခဲ့တယ်ဆိုတာကို တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။
တချိန်ထဲမှာပဲ သြစတြေးလျ နိုင်ငံခြားရေးနဲ့ ကုန်သွယ်ရေးဌာနနဲ့ ကာကွယ်ရေးဌာနတွေက အီးမေးလ်စာပို့စနစ်ကိုလည်း အင်တာနက်ကနေတဆင့် ထိုးဖောက်ဝင်ရောက်ပြီး ဟက်လုပ်ခဲ့တဲ့ ဖြစ်ရပ်တစ်ခု ရှိခဲ့တယ်ဆိုတာကို Four Corners အစီအစဉ်က ဖော်ထုတ်နိုင်ခဲ့ပါတယ်။
စပိုင်အေဂျင်စီ လို့လည်းခေါ်ကြတဲ့ လျှို့ဝှက်ထောက်လှမ်းရေးဌာနဖြစ်တဲ့ ASIO က အဆောက်အဦးဖွဲ့စည်းပုံ အင်ဂျင်နီယာမြေပုံတွေ၊ လုံခြုံရေးနဲ့ ဆက်သွယ်ရေးနဲ့ ကွန်ပြူတာဆာဗာစနစ်တွေ တည်ရှိရာစတဲ့ အချက်အလက်တွေကို ထိုးဖောက်ခိုးယူတာ ခံခဲ့ရတာဖြစ်တဲ့အတွက် လုံခြုံရေးဆိုင်ရာ ကြီးမားတဲ့ ပြဿနာ ဖြစ်နိုင်တယ်လို့ ကျွမ်းကျင်သူတချို့က သုံးသပ်ထားကြပါတယ်။
ABC Audio
0 comments:
Post a Comment