ပညာရေး ၀န်ကြီး ဌာနသည် ၂၀၁၃-၂၀၁၄ ပညာသင်နှစ် အတွက် အခြေခံ ပညာကျောင်းများ ကျောင်းအပ်နှံရေး သီတင်းပတ်ကို မေ ၂၇ ရက်မှ ၃၁ ရက် အထိ သတ်မှတ် ထားသည်။ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ် ဆောင်ပုဒ်မှာ ““ကျောင်းနေအရွယ် ကလေး ကျောင်းအပ်နှံရေး ပြည်သူအားလုံး ပါဝင် ဆောင်ရွက်ပေး”” ဖြစ်သည်။
နိုင်ငံတော်တွင် အခြေခံ ပညာ လူတိုင်း တတ်မြောက်စေရန် ရည်ရွယ်၍ မသင် မနေရ မူလတန်း ပညာရေး စနစ်ကို အကောင်အထည် ဖော်လျက်ရှိပြီး ကျောင်းသား၊ ကျောင်းသူ များအတွက် ကျောင်းသင်ခန်းစာ ဖတ်စာအုပ် များနှင့် အခြားစာရေး ကိရိယာများ အခမဲ့ ထောက်ပံ့ ပေးလျက်ရှိသည်။ အလားတူ မိဘဆရာ အသင်းများနှင့် ကျောင်း အကျိုးတော် ဆောင်များ၊ စေတနာရှင် များကလည်း လှူဒါန်း ထောက်ပံ့ပေးလျက် ရှိသည်။ ကျောင်းများတွင် ကျောင်းသင်ခန်းစာ သင်ကြားပေးရုံ သာမက စာရိတ္တ၊ ပြည်သူ့နီတိ စသည့် မြန်မာ့ ယဉ်ကျေးမှု ဓလေ့ထုံးတမ်း စဉ်လာနှင့် ကိုက်ညီအောင် ပြဋ္ဌာန်း သတ်မှတ်ထားသည့် သင်ခန်းစာ များကိုလည်း ဆရာ၊ ဆရာမ များက သင်ကြားပေးလျက် ရှိသည်။ စိတ်ပိုင်း ဆိုင်ရာနှင့် စာရိတ္တပိုင်း ဆိုင်ရာသာမက ကိုယ်ကာယ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုး တိုးတက်မှု အတွက်လည်း ပညာရေး၊ ကျန်းမာရေးနှင့် အားကစား တို့ကိုပါ တွဲဖက်လေ့ကျင့် သင်ကြားပေးလျက် ရှိသည်။ နိုင်ငံ့ အားကစား အဆင့်အတန်း တိုးတက်မြင့်မား လာစေရန် ကျောင်းသား၊ ကျောင်းသူများ ထဲမှ နိုင်ငံ့ဂုဏ်ဆောင် အားကစား မောင်မယ်များ ပေါ်ထွန်း လာစေရန် ရည်ရွယ်၍ ပြုစု ပျိုးထောင် ပေးနေခြင်း ဖြစ်သည်။
ထို့အပြင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးကို အထောက်အကူ ပြုစေမည့် ကျောင်းအဆောက် အအုံများနှင့် စာသင်ခန်းများ သန့်ရှင်းရေး၊ ကျောင်းအ၀င် အထွက်လမ်းများ ညီညာ ပြေပြစ်ရေး၊ သစ်ပင်၊ ပန်းပင်၊ ပန်းခြံနှင့် အားကစား ကွင်းများ သန့်ရှင်းရေး၊ သောက်သုံးရေများ သန့်ရှင်းစွာ သိုလှောင် သုံးစွဲရေး၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်း သာယာရေး တို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက် ရှိသည်။
၂၀၁၂-၂၀၁၃ ပညာ သင်နှစ်မှ စ၍ စတုတ္ထတန်းနှင့် အဋ္ဌမတန်း ပညာရည် ထူးချွန်သူ များကို စိစစ် ရွေးချယ်ကာ အလယ်တန်း ပညာ သင်ဆုနှင့် အထက်တန်း ပညာသင် ဆုများ ချီးမြှင့် ပေးခဲ့သည်။ အခြေခံ ပညာကျောင်းသား၊ ကျောင်းသူများ အနက် ပညာရည် ထက်မြက်ပြီး ဆက်လက်ပညာ သင်ယူရန် အခက်အခဲ ရှိသူများအား ပညာသင် ထောက်ပံ့ကြေးများ ချီးမြှင့်ပေးလျက် ရှိသည်။တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်သူများ အနက် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် သိပံ္ပ ဘာသာတွဲတွင် ပထမ ရရှိသူ တစ်ဦးနှင့် ၀ိဇ္ဇာ ဘာသာတွဲတွင် ပထမ ရရှိသူ တစ်ဦးစီ တို့ကိုလည်း တက္ကသိုလ် ပညာသင် ဆုနှင့် ကြိုတင်ပြင်ဆင် စရိတ်များ ချီးမြှင့်ပေးလျက် ရှိသည်။
ကမ္ဘာ့ နိုင်ငံများမှ အချို့ နိုင်ငံများသည် လူဦးရေ နည်းပါးခြင်း၊ သယံဇာတ ထွက်ကုန် မရှိခြင်း တို့ဖြင့် ကြုံတွေ့နေရ သော်လည်း နည်းပညာနှင့် အတတ်ပညာ မြင့်မားသော လူ့စွမ်းအား အရင်းအမြစ်ကို ထိထိရောက်ရောက် မြှင့်တင် အသုံးချနိုင် ကြခြင်းကြောင့် တတိယ ကမ္ဘာမှ ရုန်းထွက် နိုင်ခဲ့ပြီး ပထမ ကမ္ဘာ အတွင်းသို့ ချင်းနင်း ၀င်ရောက် နိုင်ခဲ့ကြောင်း တွေ့ရသည်။
ပညာဟူသည် ဝေဖန် ပိုင်းခြား၍ သိမြင်တတ်သော သဘော၊ အကြားအမြင် ဗဟုသုတ အမှန် သိခြင်းဟု မြန်မာ အဘိဓာန်က အဓိပ္ပာယ် ဖွင့်ဆိုထားသည်။ ပညာ၏ တန်ဖိုးကို အင်းဝခေတ် စာဆို ရှင်မဟာ ရဋ္ဌသာရ၏ ကိုးခန်းပျို့တွင် ““ပထမ အရွယ်၊ ငယ်သော်ကတည့်၊ သိပ္ပခေါင်အား၊ တတ်မြောက်မြားမူ၊ တောသားရန်အောင်၊ ခြင်္သေ့ယောင်သို့၊ မရှောင်မညှာ၊ တင်းတင်းမာ၍၊ ပညာရဲရင့် ပွဲလယ်တင့်လိမ့်”” ဟူ၍ ညွှန်းဆိုခဲ့သည်။
သို့ဖြစ်၍ ကျောင်းနေအရွယ် ကလေးများ အားလုံး ကျောင်းအပ်နှံရေး အတွက် မိဘပြည်သူ အားလုံး ပါဝင်ဆောင်ရွက် ပေးကြ ပါရန်နှင့် ကျောင်းသား၊ ကျောင်းသူများ ကလည်း ပညာခေတ်ကို အမီ လိုက်နိုင်ရန် လုံ့လ ၀ီရိယ စိုက်ထုတ်ကြိုးပမ်း ကြခြင်းဖြင့် မိမိ သူတစ်ပါး အကျိုး များစေနိုင်မည် ဖြစ်ပေသည်။

0 comments:
Post a Comment