Friday, April 26, 2013

အုပ်ချုပ်ရေးယန္တရား ပြုပြင်ပြောင်းလဲရေး ကန်ဒေါ်လာ သန်း ၁၅၀ UNDP ထောက်ပံ့မည်

ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ ထိရောက်စွာ ပေးဆောင်နိုင်ရန် ကြိုးပမ်းနေသော အစိုးရ၏ အုပ်ချုပ်ရေး ယန္တရား ကောင်းမွန်ရေး အတွက် ကန်ဒေါ်လာ သန်း ၁၅၀ ထောက်ပံ့မည် ဖြစ်ကြောင်း မြန် မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ် (United Nations Development Programme) မှ ပြန်ကြားရေး တာဝန်ခံ ဦးညီညီအောင်က The Voice သို့ ပြောကြားသည်။ ယင်းငွေများကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ နိုင်ငံများ ဖွံ့ဖြိုးရေး အစီအစဉ် ၏၂၀၁၃ -၂ဝ၁၅ ခုနှစ် သုံးနှစ်တာ လုပ်ငန်းစဉ်အတွက် သုံးစွဲသွားမည် ဖြစ်ကြောင်း ၄င်းကဆိုသည်။

ကန်ဒေါ်လာ သန်း ၁၅၀ အနက် ၄၅ သန်းကို အစိုးရအုပ်ချုပ်ရေး ယန္တရား ဒီမိုကရက်တစ် နည်းလမ်းတကျ အုပ်ချုပ်ရေး၊ ၅၉ သန်းကို ဒေသန္တရအစိုးရ အုပ်ချုပ်ရေး ကောင်းမွန်ရေးနှင့် ကျန် ၄၆ သန်းကိုမူ ရာသီဥတု ပြောင်းလဲမှု၊ စွမ်းအင်၊ သဘာဝ ပတ်ဝန်းကျင်နှင့် သဘာဝဘေး အန္တရာယ် ကာကွယ်ရေး တို့အတွက် သုံးစွဲရန် လျာထားကြောင်း ဦးညီညီအောင်က ပြောသည်။

အစိုးရ အုပ်ချုပ်ရေး ယန္တရား ဒီမိုကရက်တစ် နည်းလမ်းကျရေး အတွက် နိုင်ငံ့ဝန်ထမ်း စွမ်းရည်မြှင့် သင်တန်းများ၊ ဝန်ထမ်းရွေးချယ်ရေး သင်တန်းများကို သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပူးပေါင်း ကာ ပြုလုပ်သွားမည် ဖြစ်ကြောင်း၊ ဒေသန္တရ အစိုးရ အုပ်ချုပ်ရေး ကောင်းမွန်ရေး အတွက်မူ ဒေသခံ အရပ်ဘက်အဖွဲ့ အစည်းများနှင့် ပူးပေါင်းအကောင်အထည် ဖော်ဆောင်သွားမည် ဖြစ်ကြောင်း ၄င်းက ပြောကြားသည်။ ယခင်အစိုးရ လက်ထက် ၁၉၉၃ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ ဒေသန္တရ အစိုးရ အုပ်ချုပ်ရေး ကောင်းမွန်စေရန် မြို့နယ် ၄၉ မြို့နယ်၌ UNDP ရုံးခွဲများ ဖွင့်လှစ်ပြီး တိုက်ရိုက် ထောက်ပံ့ကူညီမှုများ လုပ်ဆောင်ခဲ့ကြောင်း ယင်းအဖွဲ့က ထုတ်ပြန်သည်။

"အကောင်အထည်ဖော်တဲ့ အနေနဲ့ ဒီနှစ်ဆန်းပိုင်းမှာ လွှတ်တော်ကိုယ်စားလှယ် အရည်အချင်း မြှင့်တင်ရေး သင်တန်းတွေ လုပ်တယ်။ လွှတ်တော်စာကြည့်တိုက် အတွက် စာအုပ်လှူတယ်" ဟု ဦးညီညီအောင်က ဆိုသည်။ ယင်းသုံးနှစ်တာ လုပ်ငန်းစဉ်ကို အကောင်အထည် ဖော်နိုင်ရေး အတွက် အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ ဒုတိယဝန်ကြီး ဦးဆက်အောင်နှင့် ကုလသမဂ္ဂ လက်ထောက် အထွေထွေ အတွင်းရေးမှူး ဒေါက်တာ Ajay Chhibber တို့ ဧပြီလ ၈ ရက်နေ့တွင် သဘောတူ လက်မှတ် ရေးထိုးထားပြီး ဖြစ်ကြောင်း ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။

0 comments:

Post a Comment