Tuesday, April 23, 2013

ဆိုရှယ် မီဒီယာများအရေး အလုပ်ရုံ ဆွေးနွေးပွဲ

နိုင်ငံရေး၊ လူမျိုးရေး၊ ဘာသာရေး စိတ်ဝမ်း ကွဲပြားအောင်၊ သတင်းမှားများဖြင့် ထင်ယောင် ထင်မှားဖြစ်အောင် လုပ်ကြံ, ပုံကြီးချဲ့ ဝါဒဖြန့်ခြင်းတွေကြောင့် ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲ ဆိုးကျိုး အန္တရာယ်များကို ဟန့်တားနိုင်ရန် လိုအပ်ကြောင်း “ဆိုရှယ် မီဒီယာများနှင့် ပတ်သက်၍ အလုပ်ရုံ ဆွေးနွေးပွဲ” တစ်ရပ်ကိုယနေ့ ဧပြီလ ၂၀ရက်၊ နံနက်၁၀း၂၀ နာရီက ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း ရုံးခန်းတွင် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း၏ လူထု ဆက်ဆံရေး ဌာနမှ ဦးစီးကျင်းပ ပြုလုပ်ခဲ့ရာ ဆွေးနွေးပွဲသို့ ရုပ်ရှင် အစည်းအရုံး၊ ဂီတ အစည်းအရုံး၊ သဘင် အစည်းအရုံး၊ စာနယ်ဇင်း ကောင်စီ၊ တက္ကသိုလ် အသီးသီးမှ ကျောင်းသား အဖွဲ့များ၊ လူမှုရေး အသင်း အဖွဲ့များနှင့် ပြည်တွင်း ပြည်ပ မီဒီယာများ တက်ရောက်ခဲ့ကြသည်။
ယင်း ဆွေးနွေးပွဲတွင် Online ဆိုရှုယ် မီဒီယာများနှင့် Facebook စာမျက်နှာများပေါ်၌ အများပြည်သူများ အထိတ်တလန့် ဖြစ်စေသော၊ ဘာသာရေး၊ လူမျိုးရေး၊ နိုင်ငံရေး၊ လူမှုရေး၊ ပဋိပက္ခများ ဖြစ်စေသော အရေးအသားများ၊ ထင်မြင် ယူဆချက်များ၊ အတုအယောင် ဖန်တီးနေမှုများ၊ သွေးထိုး လှုံ့ဆော်နေမှုများနှင့် ပတ်သက်၍ မည်သို့ တားဆီး ဆောင်ရွက်နိုင်ကြမည်ကို အားလုံး ၀ိုင်းဝန်း ဆွေးနွေးခဲ့ကြပြီး ၈၈ မျိုးဆက်များ၊ ရုပ်ရှင် သဘင် ဂီတ နှင့် အခြား လူမှု အဖွဲ့အစည်းများ၊ IT နယ်ပယ်မှ Technician များ စုပေါင်းပြီး သတင်းမှန်တွေကို အချိန်နှင့် တပြေးညီ ရယူနိုင်မည့် Network တစ်ခုကိုလည်း define လုပ်နိုင်ရန် ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

0 comments:

Post a Comment