လက်ရှိ ပေါ်ပေါက်နေသော မင်းမဲ့စရိုက် ဆန်ဆန်မှုခင်းများနှင့် ပတ်သက်၍
ဥပဒေတစ်ရပ် ခိုင်ခိုင်မာမာဖြစ်ရန် လာမည့် လွှတ်တော်တွင် တင်ပြဆွေးနွေး
သွားရန်ရှိကြောင်း ပြည်သူ့လွတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က
ပြောသည်။ ”ပေါ်ပေါက်နေတဲ့ မှုခင်းဖြစ်စဉ်တွေကို လေ့လာပြီး ဥပဒေကြမ်းတစ်ခုကို
ပြင်ဆင်ဖို့ စဉ်းစားထားတာ ရှိတယ်”ဟု ဦးသိန်းညွန့်က ပြောသည်။ အစိုးရသစ်
တက်ပြီး နောက်ပိုင်းတွင် ရန်ကုန်မြို့၌ အုပ်စုဖွဲ့ရမ်းကားမှုများ
ဖြစ်ပေါ်ခဲ့ပြီး အဆိုပါ အမှုများကို ကျူးလွန် သူများမှာ လက်ရှိ အာဏာရထားသော
အရာရှိများ၏ သားသမီးများနှင့် တစ်ချိန်ကအာဏာ ရခဲ့သည့် အငြိမ်းစားများ၏
သားသမီးများ ဖြစ်နေပြီး ညပိုင်းတွင်ပြုလုပ်သော ၄င်းတို့၏ အပန်းဖြေ
ကားမောင်းပြိုင်ပွဲများ သည်လည်း သာမန်လူများကို ထိခိုက်သည် အထိ
ဖြစ်လာနေသည်ဟု ဦးသိန်း ညွန့်က ပြောသည်။
”အထူးသဖြင့် ကျွန်တော်တို့ တိုင်းပြည်မှာက အာဏာရှိတဲ့ သူတွေနဲ့ သြဇာရှိတဲ့သူတွေရဲ့ အသိုင်းအဝိုင်းက ပြစ်မှုကျူးလွန်ရင် တိုင်ချက် တောင်မှ မဖွင့်ရဲဘဲ၊ တရားတောင်မှ မစွဲရဲဘဲ။ ဒါဟာ တိုင်းပြည် တရားဥပဒေ စိုးမိုးရေးအတွက် အင်မတန်မှ ရုပ်ဆိုးတဲ့ မြင်ကွင်းတွေပဲ”ဟု ၄င်းက ပြောသည်။
တရားလွှတ်တော် ရှေ့နေ ဦးကိုနီ ကလည်း တရားဥပဒေ စိုးမိုးရေးနှင့် ပတ်သက်၍ အရေးယူ သည့်အဖွဲ့အစည်းသည်လည်း အဓိကကျကြောင်း၊ လူတစ် ဦးကို အရေးယူတော့မည် ဆိုပါက မည်သည့်ပုဒ်မနှင့် အရေးယူမည်ကို ဦးစွာ စဉ်းစားရမည်ဖြစ်ပြီး ထိထိရောက်ရောက် အရေးယူမည်ဆို ပါက ကျူးလွန်သူ၏ မျက်နှာကို မကြည့်ဘဲ သူတို့၏ လုပ်ရပ်ကိုသာ ကြည့်၍ အရေးယူရမည်ဖြစ်ကြောင်း ပြောသည်။ ”ဘာအကြောင်းမှ မရှိဘဲ သက်သက်မဲ့လုပ် တာဆိုရင် ဒါတိုင်းပြည် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားအောင်လုပ်တာပဲ။ အဲဒီတော့ ဘယ်သူ့ သားသမီးဆိုတာ မကြည့်နဲ့။ ဘယ်သူ့သားသမီး ဆိုတာ ကြည့်လိုက်ရင် ပုဒ်မက သေးသွားတာပဲ” ဟု ဦးကိုနီက ပြောသည်။
သာမန်နာကျင်စေမှု ပုဒ်မ-၃၂၃၊ လက်နက် နှင့် နာကျင်စေမှု ပုဒ်မ-၃၂၄၊ အပြင်းအထန် နာ ကျင်စေမှု ပုဒ်မ ၃၂၅ တို့သည် အာမခံပေးခွင့် ရှိသောအမှုများ ဖြစ်ပြီး ထက်မြသည့် လက်နက်တစ်ခုခု ဖြင့် အပြင်းအထန်နာ ကျင်စေမှု ပုဒ်မ ၃၂၆ သည်အာမခံပေးခွင့်မရှိသော အမှု ဖြစ်ကြောင်း၊ သို့သော် ကျူးလွန်သူသည် ဖျားနာ နေခြင်း၊ အမျိုးသမီး ဖြစ်ခြင်း စသည်တို့ပေါ် မူတည်၍ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၉၈ အရ အာမခံပေးနိုင်ကြောင်း သိရသည်။မင်းမဲ့စရိုက်ဆန်ဆန် အုပ်စုဖွဲ့ ရမ်းကားမှု များသည် အများပြည်သူ အေးချမ်းသာယာရေးကို အနှောင့်အယှက် ဖြစ်ပါက အရေးပေါ် စီမံမှုဥပဒေ ပုဒ်မ ၅(ည)ဖြင့် စွဲနိုင်ကြောင်း ၄င်းက ပြောသည်။ ”၂ဝ၁ဝ လောက်အ ထိ နိုင်ငံရေးလုပ်ရင် စကားတစ်ခု ပြောလိုက်လို့ မှားတယ်ဆိုရင် ၅(ည)နဲ့ အရေးယူ လိုက်တယ်။ အရေးယူချင်တဲ့ကိစ္စဆို ပုဒ်မ လေးငါးခြောက်ခုနဲ့ အရေးယူခဲ့တာတွေ ရှိတာပဲ။ ဆိုလိုတာက တရားစွဲတဲ့အဖွဲ့ အစည်း၊အုပ်ချုပ်တဲ့အာဏာပိုင်တွေက ဒီပြဿနာကိုမလို လားဘူး၊ မဖြစ်စေချင်ဘူးဆို ရင် ထိရောက်တဲ့ ပုဒ်မ၊ ထိုက်တန်တဲ့ပုဒ်မနဲ့ အရေးယူ၊ တရားရုံး ကလည်း ထိထိရောက်ရောက် အပြစ်ပေး၊ အဲဒီ လိုလုပ်ရင် ဒါတွေလျော့ပါး သွားမှာပဲ” ဟု ဦးကိုနီ က ပြောသည်။ လိုအပ်ပါကအဆိုပါအမှုများအ တွက် ဥပဒေတစ်ရပ် ပြဋ္ဌာန်းသင့်ကြောင်းလည်း အထက်ပါပုဂ္ဂိုလ်များက ပြောသည်။
”လက်ရှိ တည်ဆဲဥပဒေတွေက သိပ်ပြီး တော့ ကြာနေပြီ။ သိပ်ကြာ မြင့်တဲ့ကာလက ပြဋ္ဌာန်းထားတာ ဆိုတော့ အရာရာကို ခြုံငုံမိ အောင်တော့မရှိ ဘူး။ ကျိုးကြောင်းခိုင်လုံမှု မရှိဘဲ အုပ်စုဖွဲ့ရမ်းကားတာတို့၊ ကားမှန်ဖျက်ဆီးတာတို့၊ လူတွေကိုလိုက်ရိုက်တာတို့နဲ့ပတ်သက်ပြီး သီး သန့်ဥပဒေမရှိ ဘူး။ ဥပဒေတစ်ခု ပြဋ္ဌာန်းသင့် တယ်” ဟု တရားလွှတ်တော်ရှေ့နေဦးကိုနီက ပြောကြားခဲ့သည်။ယခင်လအတွင်းက ပြည်သူ့ရင်ပြင် Happy Zone အပန်းဖြေကစားကွင်းတွင် လူငယ်တစ်စု က အသက် ၃ဝ ကျော်အရွယ် အမျိုးသားတစ်ဦးကို ရန်စ ရိုက်နှက်မှုဖြစ်ပွားခဲ့ပြီး ယခုလ ၁၁ ရက်နေ့ တွင်လည်း အရာရှိကြီး အချို့၏ သားများ ပါဝင် သည့်လူငယ်တစ်စုက ကင်ဒိုဓားနှင့် သံပိုက်လုံး များဖြင့် ရုပ်ရှင် သရုပ်ဆောင် သျှိုင်းနှင့်ဝင်ရောက် ဖြန်ဖြေသူ မင်းသတ္တိတို့အား ရိုက်နှက်ခဲ့ သည်ဟု သျှိုင်းက ဆိုကြောင်း ဧပြီ ၂၂ ရက်ထုတ် The Voice Daily တွင် ဖော်ပြထားသည်။

0 comments:
Post a Comment