Friday, April 26, 2013

လျှပ်စစ်ကုထုံးဖြင့်ကုသရန် လေးဖက်နာနှင့်လေဖြတ်လူနာများ အခက်အခဲရှိနေ

ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ကျိုက်ဝိုင်းဘုရားလမ်းနှင့် မင်းဓမ္မလမ်းထောင့်ရှိ အမျိုးသားပြန် လည် သန်စွမ်းရေးဆေးရုံ ၌ လေးဖက်နာရောဂါနှင့် လေဖြတ်ထားသည့် လူနာများအား လျှပ်စစ်ကုထုံး (Electro therapy)နည်းလမ်းဖြင့် ကုသနိုင်သော် လည်း လေဖြတ်လူနာများအနေဖြင့် သွားရောက်ကုသရန် အခက်အခဲ ရှိနေဆဲဖြစ်သည်။

“သွေးလေးဖက်နာရောဂါဆိုတာ အဆစ်တွေရောင်တာ၊ ကိုက်တာ နာတာ။ ပြီးတော့ လေဖြတ်ထားတဲ့  ရောဂါဝေဒနာသည်တွေအတွက် လျှပ်စစ်ကုထုံး(Electrotherapy)နဲ့ ကုသပေးနေပါတယ် ၊အများအားဖြင့် ပြင်ပလူနာကများပါတယ်၊ တစ်နေ့ကို မနက် ၊ ည အယောက် ၁၀၀လောက် လာကုကြတယ်”ဟုအမျိုးသား ပြန်လည်သန်စွမ်းရေး ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းဇော်က ပြောသည်။

လျှပ်စစ်ကုထုံးတွင် ဖယောင်းကပ်ခြင်း၊ မီးစလောင်းနှင့်အပူပေးခြင်း၊အာထရာ ဆောင်းသရဖီခေါ်အ သံလှိုင်းအား အပူလှိုင်းအဖြစ် ပြောင်းလဲ ကုသပေးခြင်း၊ သံလိုက်လှိုင်းများအား micro wave နှင့် shock wave ပြောင်းသည့် စက်များဖြင့်ကုသပေးခြင်း၊ လေဆာသရဖီခေါ်လေဆာပွိုင့်နှင့် ကုသပေးခြင်း၊ ကြွက်သားများ ပြန်အားကောင်းလာရန် လျှပ်စစ်နှင့်တို့ပေးခြင်း၊နှင့်ခါးကြောညပ်၊ လည်ပင်းကြောညပ်ခြင်း များအား စက်ဖြင့် ဆွဲပေးခြင်းများ ရှိကြောင်းကိုလည်း သိရှိရသည်။

“အဓိကကတော့ ဒီစက်တွေနဲ့ ကုသတဲ့အတွက် အနာသက်သာတာပေါ့၊ ဒါက အပူပေးတာပါ၊ အပူပေး တဲ့ရည်ရွယ်ချက်က အဲဒီနာတဲ့နေရာတွေကိုသွေးလျှောက်အောင် လုပ်ပေးတာပါ။ သွေးရောက်တဲ့ အ တွက် အဲ့ဒီနေရာကကြွက်သားတွေပျော့ သွားတယ်၊ အနာသက်သာသွားတာပေါ့။တစ်ရက်ထဲလာ တဲ့လူ နာအနေနဲ့ စက်တွေအားလုံးနဲ့ လုပ်ပေးစရာမလိုဘူး ၊ တစ်မျိုးနှစ်မျိုး လုပ်ပေးလိုက်ရင်ရ တယ်”ဟု ဒေါက်တာဝင်းဇော်က ပြောသည်။

အဆိုပါ အမျိုးသားပြန်လည်သန်စွမ်းရေးဆေးရုံတွင် လျှပ်စစ်ကုထုံး(Electrotherapy)၊ လေ့ကျင်ခန်းကုထုံး (Exercisetherapy) ၊ လက်ပိုင်းဆိုင်ရာလေ့ကျင့်ခန်းကုထုံး(Adult Occupational Therapy)၊ ဦးနှောက်ဖွံဖြိုးမူ ကြောင့် ကြွက်သားအားနည်းသည်ကလေးများအတွက်ကုထုံး(Children Occupational Therapy)များနှင့် ကုသပေးလျှက်ရှိကြောင်းသိရသည်။

“ဦးတို့အနေနဲ့ကတော့ဒီဆေးရုံရှိလည်းသွားဖို့ကခက်ခဲပါတယ်။ လိုင်းကားစီးဖို့ကလည်းမဖြစ်နိုင်ဘူး လေ၊ နှစ်ဆင့်တောင် စီးရမှာဆိုတော့ ကားတက်ကားဆင်းမှာ ဒုက္ခအရမ်းရောက်တယ် ၊ ကားသမားတွေကလည်း သိတဲ့အတိုင်းပဲ တက္ကစီ ငှားသွားဖို့ကျတော့လည်း ပိုက်ဆံမတတ်နိုင်ဘူး ဒီလိုပဲရပ်ကွက်ထဲကသူနဲ့ပဲ နှိပ်ရတာပဲ ဟိုဆေးလိမ်း၊ ဒီဆေးလိမ်းနဲ ဘဲသက်သာလာ တာပါ ” ဟု ရွှေပြည်သာမြို့နယ်အမှတ် (၈) ရပ်ကွက်နေ ဘယ်ဘက် အခြမ်း လေဖြန်းထားသူ ဦးအောင်မိုးက ပြောသည်။

အဆိုပါဆေးရုံတွင် ဇန်န၀ါရီလ ၁ရက် ၂၀၁၂ခုနှစ်မှ ဒီဇင်ဘာလ ၃၁ရက် ၂၀၁၂ခုနှစ်အတွင်းပြင်ပ လူနာ ၇၆၅၄ ဦးနှင့်ဆေးရုံတက်ရောက်ကုသသည့်လူနာ (၂၉၅)ဦး ကုသခဲ့ကြောင်းသိရပြီး လူနာအများစု မှာ ခြေပြတ် လက်ပြတ် လူနာများဖြစ်ပြီး၊ ဒုတိယ အများဆုံးမှာဦးနှောက်ဖွံဖြိုးမူကြောင့် ကြွက်သားအား နည်းသည့် ကလေးများဖြစ်ပြီး တတိယအများဆုံးမှာ အာရုံကြောထိခိုက်ပြီး အောက်ပိုင်း မသန်သူ များဖြစ်ကြောင်း သိရသည်။

“အဒေါ်တို့က ဒီဆေးရုံရှိမှန်းတောင် မသိပါဘူး ရှိလည်းဆေးရုံဆေးခန်းသွားရမှာ ပိုက်ဆံရှိမှပဲ သွားလို့ ရမှာလေ၊ လက်လုပ်လက်စားသမားတွေဆိုတော့ အပိုဝင်ငွေလည်း မရှိပါဘူး ဒီလိုလေဖြတ်တာတို့ ဘာတို့ ဆိုရင်တော့ ဖြစ်သွားရင် အိမ်မှာဘဲ ထိုင်ကြည့်နေရမှာ မသကာ လိမ်းဆေးလေး ဘာလေး ၀ယ်လိမ်းနှိပ်ပေး ရုံလောက်ပဲ တတ်နှိင်မှာပါ” ဟု ရွှေပြည်သာမြို့နယ် (ဏ)ရပ်ကွက်နေ ဒေါ်ခင်ညိုက ပြောသည်။ အဆိုပါ ဆေးရုံ၌ အင်္ဂါနှင့်ကြာသာပတေးနေ့ များတွင် လူနာအသစ်များအားပြင်ပ လူနာအဖြစ် လက်ခံ ကုသပေးပြီး၊ဗုဒ္ဓဟူးနှင့်သောကြာနေ့ များတွင်ပြင်ပ လူနာဟောင်းများအားပြန်လည် စစ်ဆေး ကုသပေး ကြောင်းသိရသည်။

0 comments:

Post a Comment