

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နှင့် ကွတ်ခိုင်မြို့နယ်တို့အတွင်းရှိ တပ်စခန်း၊ ရဲစခန်းများ နှင့် (၁ဝ၅)မိုင် ကုန်သွယ်ရေးစခန်းများအား KIA ၊ TNLA နှင့် MNDAA ပူးပေါင်းအဖွဲ့များက ယနေ့ နံနက် ၂ နာရီခန့်မှ နံနက် ၈ နာရီခန့်အတွင်း အလစ်အငိုက်ရယူပြီး ပစ်ခတ်တိုက်ခိုက်မှုနှင့်အတူ တံတားသုံးစင်းကိုလည်း မိုင်းခွဲဖျက်ဆီးခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ကျဆုံးဒဏ်ရာရရှိခဲ့သည့်အပြင် အပြစ်မဲ့ပြည်သူများလည်း သေဆုံးဒဏ်ရာရရှိ ခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီမှ ထုတ်ပြန်ထားသည်။
သတင်းထုတ်ပြန်ချက်တွင် ယနေ့နံနက် ၂ နာရီခန့်တွင် ရှမ်းပြည်နယ် မူဆယ်မြို့အဝင်ရှိ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနရုံး အရှေ့မှ မြို့လုံခြုံရေးရဲကင်းအား အရှေ့တောင်ဘက်ရှိ ယာခင်းဘက်မှ ခေါင်းဆောင်၊ အဖွဲ့အစည်းနှင့် အင်အားစိစစ်ဆဲအဖွဲ့မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် နယ်မြေခံပြည်သူ့စစ်တို့က ပြန်လည်ပစ်ခတ်ရာ ၎င်းအဖွဲ့သည် အရှေ့တောင်ဘက်သို့ ပြန်လည်ဆုတ်ခွာသွားကြောင်း။
ယနေ့နံနက် ၂ နာရီခွဲခန့်ကလည်း မူဆယ်မြို့နယ် မုံးကိုးမြို့ ရပ်ကွက် (၆) မုံးကိုးနယ်မြေရဲစခန်းအရှေ့ဘက်ရှိ တပ်စခန်းကုန်းအား KIA နှင့် MNDAA ပူးပေါင်းအင်အား ၂ဝဝ ခန့်မှလည်းကောင်း၊ ဖောင်းဆိုင်တပ်စခန်းအား အင်အား ၁ဝဝ ခန့်မှလည်းကောင်း၊ မန်ကန်တပ်စခန်းအား အင်အား ၈ဝ ခန့်မှလည်းကောင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်သဖြင့် ပြန်လည်ပစ်ခတ်ရာ ၎င်းအဖွဲ့များ ပြန်လည်ဆုတ်ခွာသွားကြောင်း။
ယနေ့နံနက် ၆ နာရီခန့်တွင်လည်း KIA နှင့် MNDAA ပူးပေါင်းအဖွဲ့ အင်အား ၅ဝ ခန့်သည် ကြူကုတ်-ပန်ဆိုင်းနယ်မြေ ရပ်ကွက်(၁)ရှိ တပ်စခန်းအား အနောက်ဘက်တောင်ကြောမှလည်းကောင်း၊ ပန်ဆိုင်းနယ်မြေရဲစခန်း အား ရပ်ကွက်(၄) အခြေခံပညာအထက်တန်းကျောင်းခွဲနေရာမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်လည်းကောင်း လာရောက်ပစ်ခတ်သဖြင့် ပြန်လည်ပစ်ခတ်ရာ ၎င်းအဖွဲ့သည် ပြန်လည်ဆုတ်ခွာသွားကြောင်း။
ယနေ့ နံနက် ၆ နာရီ မိနစ် ၂ဝ ခန့်ကလည်း မူဆယ်မြို့မရဲစခန်း၏ တောင်ဘက် ၁၈ မိုင်ခန့်အကွာ လားရှိုး-မူဆယ်လမ်းမကြီးပေါ်ရှိ နန့်ပေါ် တံတားလုံခြုံရေးရဲကင်းအား အရှေ့မြောက်ဘက်တောင်ကုန်းမှ TNLA အင်အား ၁ဝဝ ခန့်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်သဖြင့် ပြန်လည်ပစ်ခတ်မှုနှင့်အတူ ၎င်းစခန်းသို့ တပ်မတော်စစ်ကြောင်းမှ သွားရောက်ပူးပေါင်းစဉ် TNLA အင်အား ၄ဝ ခန့်ဖြင့် ထိတွေ့မှုဖြစ်ပွားပြီး ၎င်းအဖွဲ့များသည် အရှေ့ဘက်နှင့်အနောက်ဘက်သို့ နှစ်ဖွဲ့ခွဲ၍ ပြန်လည်ဆုတ်ခွာသွားကြောင်းနှင့် ၎င်းဖြစ်စဉ်တွင် တပ်မတော်သား တစ်ဦး၊ ရဲတပ်ဖွဲ့ဝင် သုံးဦးကျဆုံး၊ ပြည်သူတစ်ဦး သေဆုံးခဲ့ပြီး ရဲတပ်ဖွဲ့ဝင် တစ်ဦး ဒဏ်ရာရရှိခဲ့ကာ ရဲတပ်ဖွဲ့မှ လက်နက်မျိုးစုံ ငါးလက်ဆုံးရှုံးခဲ့ကြောင်း၊ ၎င်းတံတားကြမ်းခင်းတွင်လည်း နှစ်ပေခန့် ထိခိုက်ပျက်စီးခဲ့ကြောင်း။
ယနေ့ နံနက် ၆ နာရီခွဲခန့်တွင် မူဆယ်မြို့မရဲစခန်း၏ အရှေ့တောင်ဘက် (၁ဝ၅) မိုင် ကုန်သွယ်ရေးစခန်းဇုန်နှင့် ၎င်းအနီးရှိ တပ်စခန်းသို့ KIA နှင့် TNLA ပူးပေါင်းအင်အား ၁၅ဝ ခန့်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်သကဲ့သို့ နံနက် ၆ နာရီ ၄၅ မိနစ်ခန့်တွင် ပန်ဆန်းမောင်းတံ ဂိတ်ကိုလည်း TNLA ၃ဝ ခန့်က ပစ်ခတ်သဖြင့် ပြန်လည်ပစ်ခတ်ရာ ၎င်းအဖွဲ့များ ပြန်လည်ဆုတ်ခွာသွားကြောင်း၊ ထိုသို့ပစ်ခတ်မှုကြောင့် ပြည်သူ့စစ်တစ်ဦးနှင့် ပြည်သူနှစ်ဦး ထိခိုက်သေဆုံးခဲ့ပြီး ရဲတပ်ဖွဲ့ဝင်ရှစ်ဦး၊ အကောက်ခွန်ဝန်ထမ်း နှစ်ဦးနှင့် ပြည်သူ ၁၅ ဦး ထိခိုက်ဒဏ်ရာရရှိကာ ရဲတပ်ဖွဲ့မှ လက်နက်မျိုးစုံသုံးလက် ဆုံးရှုံးခဲ့ကြောင်း။
ယနေ့ နံနက် ၈ နာရီခန့်တွင်လည်း မူဆယ်မြို့ အရှေ့မြောက်ဘက် ၁၂ မိုင်ခန့်ရှိ ကျင်စမ်းကျော့(ဟိုနောင်) ရဲကင်းအား TNLA အင်အား ၅ဝ ခန့်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်သဖြင့် ပြန်လည်ပစ်ခတ်ရာ ၎င်းအဖွဲ့သည် ပြန်လည်ဆုတ်ခွာသွားကြောင်း။
ထို့ပြင် ယနေ့နံနက် ၃ နာရီခွဲခန့်က ကွတ်ခိုင်မြို့နယ် ဆွမ်လုံကျေးရွာအနီး လားရှိုး-မူဆယ်လမ်းမကြီး မိုင်တိုင်အမှတ်(၂၉၁/၁)အနီးမှ ပေ ၂ဝ ခန့်ရှိသော ဆွမ်လုံတံတားပေါ်တွင် မိုင်းပေါက်ကွဲမှုဖြစ်ပွားရာ တံတားကြမ်းခင်းတွင် တစ်ပေပတ်လည်ခန့် ထိခိုက်ပျက်စီးခဲ့ကြောင်း၊ အလားတူ ယနေ့နံနက် ၆ နာရီ ၄၅ မိနစ်ခန့်က နန့်ပေါ်တံတားအား မိုင်းဖြင့် ဖေါက်ခွဲမှုနှင့်အတူ တံတားအနီးရှိ ဈေးဆိုင်သုံးဆိုင်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ယနေ့နံနက် ၁ဝ နာရီခွဲခန့်က လားရှိုး-မူဆယ် လမ်းမကြီးပေါ်ရှိ သိန္နီမြို့နယ်မှ နမ့်မတူ တံတားအား ယာဉ်ဖြင့် ဗုံးဖောက်ခွဲခဲ့ရာ ဖြတ်သန်းသွားလာလျက်ရှိသော ပြည်သူသုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် တံတားလည်း ကြမ်းခင်းနှင့် လက်ရန်းများ အနည်းငယ်ပျက်စီးခဲ့ကြောင်း။
ထိုကဲ့သို့ KIA ၊ TNLA နှင့် MNDAA ပူးပေါင်းအဖွဲ့များက အလစ်အငိုက်ရယူပြီး ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်းများ ပြုလုပ်ခဲ့မှုကြောင့် စုစုပေါင်းတပ်မတော်သား တစ်ဦး၊ ရဲတပ်ဖွဲ့ဝင် သုံးဦး၊ ပြည်သူ့စစ် တစ်ဦး၊ ပြည်သူသုံးဦး ပေါင်းရှစ်ဦး ကျဆုံး/သေဆုံးခဲ့ရပြီး ရဲတပ်ဖွဲ့ဝင် ကိုးဦး၊ အကောက်ခွန်ဝန်ထမ်း နှစ်ဦး၊ ပြည်သူ ၁၈ ဦး ပေါင်း ၂၉ ဦး ထိခိုက်ဒဏ်ရာရရှိကာ ရဲတပ်ဖွဲ့မှ လက်နက်မျိုးစုံ ရှစ်လက်ဆုံးရှုံးခဲ့ကြောင်း။
အဆိုပါ အကြမ်းဖက်တိုက်ခိုက်သူများအား တပ်မတော်စစ်ကြောင်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက တိုက်ခိုက်လျက်ရှိပြီး ပြည်သူတို့၏အသက်အိုးအိမ်ကို ကာကွယ်စောင့်ရှောက်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။
Credit To >>> The Mirror Daily
0 comments:
Post a Comment