Monday, November 21, 2016

အမေရိကန်အစိုးရအဖွဲ့သစ် ရာထူးသုံးနေရာအတွက် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့် နာမည်စာရင်းထုတ်ပြန်


 
အမေရိကန်နိုင်ငံ၏ လာမည့်အစိုးရအဖွဲ့အသစ်တွင် အဓိကကျသောရာထူးနေရာသုံးခုအတွက် ခန့်အပ်မည့်သူများကို အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့် က နာမည်စာရင်းထုတ်ပြန်ကြေညာခဲ့ကြောင်း ယနေ့သတင်းများအရသိရသည်။
အစိုးရသစ်၏ အမျိုးသားလုံခြုံရေးအကြံပေး အဖြစ် ကာကွယ်ရေးဝန်ကြီးဌာန စုံစမ်းထောက်လှမ်းရေး အေဂျင်စီဒါရိုက်တာဟောင်း မိုက်ကယ်ဖလန်းကို ရွေးချယ်ထားကြောင်း သိရသည်။ ဗဟိုစုံစမ်းထောက်လှမ်းရေး အေဂျင်စီ (စီအိုင်အေ) ဒါရိုက်တာအဖြစ် ရီပတ်ဘလီကန် အမတ် မိုက်ပွမ်ပီရိုကို ရွေးချယ်ထားပြီး ရှေ့နေချုပ်နေရာကို အလက်ဘားမားပြည်နယ် ဥပဒေပြုအထက်လွှတ်တော်အမတ် ဂျက်ဖ်စက်ရှင်းစ်ကို ရွေးချယ်ထားသည်။
သမ္မတရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေး ကာလအတွင်း ဒုတိယဗိုလ်ချုပ်ကြီးဟောင်း မိုက်ကယ် ဖလန်းသည် သံတမန်နှင့်လုံခြုံရေးဆိုင်ရာကိစ္စရပ်များအတွက် အကြံပေးသူအဖြစ် ဒေါ်နယ်ထရန့်အား ကူညီထောက်ပံ့ပေးခဲ့သည်။
ဂျက်ဖ်စက်ရှင်းစ်သည် တရားမဝင်လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ အရေးကြီးသောကိစ္စရပ်များကို ကျွမ်းကျင်စွာ ကိုင်တွယ်ဖြေရှင်းနိုင်သည့်အပြင် ဒေါ်နယ်ထရန့်၏ အရေး ကြီးသောဆုံးဖြတ်ချက်များ ချမှတ်ရာတွင် အရေးပါသော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။
ဒေါ်နယ်ထရန့်အနေဖြင့် သူ၏အုပ်ချုပ်ရေး အဖွဲ့သစ်အတွက် နိုင်ငံခြားရေးဝန်ကြီးနှင့် ကာကွယ်ရေးဝန်ကြီးကဲ့သို့သော အရေးပါသည့်ရာထူးနေရာများအတွက် ရာထူးခန့်အပ်မှုများ ဆက်လက်လုပ်ဆောင်ရန် အစည်းအဝေးများကျင်းပလျက်ရှိသည်။
၂ဝ၁၂ ခုနှစ်သမ္မတရွေးကောက်ပွဲတွင် ရီပတ်ဘလီ ကန်ပါတီ သမ္မတလောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မစ်ရိုနေးနှင့် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်တို့ မကြာမီကာလအတွင်း တွေ့ဆုံမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဒေါ်နယ်ထရန့်သည် နိုဝင်ဘာ ၁၇ ရက်က နိုင်ငံခြားရေးဝန်ကြီးအဖြစ် ရွေးချယ်တင်မြှာက်ရန် ရေပန်းစားနေသည့် တောင်ကာရိုလိုင်းနားအုပ်ချုပ်ရေးမှူး နစ်ကီဟာလေးနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
အမေရိကန်ရွေးကောက်ခံ ဒုတိယသမ္မတ မိုက်ပန့်စ် က လွှတ်တော်ဥက္ကဋ္ဌပေါရမ်နှင့် ဒီမိုကရက်တစ်လွှတ်တော်အမတ် နန်စီပီလိုစီတို့အား ဒေါ်နယ်ထရန့်ဦးဆောင်မည့် လာမည့်အစိုးရအဖွဲ့သစ်တွင် ပူးပေါင်းဆောင်ရွက်နိုင် ခြင်းရှိ၊မရှိဆိုသည်နှင့်ပတ်သက်ပြီး ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။



Credit To >>> The Mirror Daily

0 comments:

Post a Comment