စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့သို့ ၂ဝ၁၄ ခုနှစ် ဇန်နဝါရီမှ ၂ဝ၁၆ ခုနှစ် စက်တင်ဘာအထိ သုံးနှစ် အတွင်းပြည်တွင်း၊ပြည်ပခရီးသွားဝင်ရောက်မှု ၃၁ ရာခိုင်နှုန်းအထိ မြင့်တက်လာကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
''အခုကျွန်တော်တို့ပြုစုထားတဲ့အရေအတွက်က မုံရွာမြို့မှာရှိတဲ့ ဟိုတယ်နဲ့တည်းခိုခန်းတွေမှာ ဝင်ရောက်တည်းခိုလည်ပတ်ကြတဲ့ ပြည်တွင်း၊ ပြည်ပခရီးသွားတွေအရေအတွက်ပါ၊ နေ့ချင်းပြန်ဝင်/ထွက်နေတဲ့ အရေအတွက်တွေ၊ အလုပ်လုပ်တဲ့အရေအတွက်တွေ မပါဘူး'' ဟု စစ်ကိုင်းတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးအောင်သူဦးက ပြောသည်။
မုံရွာမြို့သို့ ပြည်တွင်း၊ ပြည်ပခရီးသွားဝင်ရောက်မှုသည် ၂ဝ၁၄ ခုနှစ်အတွင်း ဝင်ရောက်မှုထက် ၂ဝ၁၅ ခုနှစ်တွင် ၃ဝ ရာခိုင်နှုန်းတိုးတက်လာပြီး ၂ဝ၁၆ ခုနှစ် စက်တင်ဘာလကုန်အထိ ၃၁ ရာခိုင်နှုန်းအထိ တိုးတက်လာကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၏ မှတ်တမ်းများတွင် ဖော်ပြထားသည်။
''ဒီနှစ်အတွက် ခရီးသွားရာသီက မစသေးဘူးလို့ပြောရမှာဖြစ်တဲ့အတွက် အောက်တိုဘာ၊ နိုဝင်ဘာနဲ့ ဒီဇင်ဘာမှာဝင်ရောက်မယ့် ခရီးသည်အရေအတွက်နဲ့ဆိုရင် ရာခိုင်နှုန်းကဆက်ပြီးတိုးတက်လာမှာပါ'' ဟု ဦးအောင်သူဦးက ပြောသည်။
မုံရွာမြို့သည် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အချက်အချာကျပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးစိုက်သည့်မြို့ဖြစ်သည့်အပြင် မြို့နယ်အတွင်းနှင့် အနီးဝန်းကျင်မြို့များတွင် အထင်ကရနေရာများ၊ သမိုင်းဝင်စေတီပုထိုးများစွာလည်ပတ်နိုင်သည့်အပြင် စီးပွားရေးလုပ်ငန်းများစွာရှိသည့်အတွက် ခရီးသွားများအပြင် ပြည်တွင်း၊ ပြည်ပ စီးပွားရေးလုပ်ငန်းရှင်များလည်း စိတ်ဝင်တစားလာရောက်မှုများပြားသည်။
Credit To >>> The Mirror Daily
0 comments:
Post a Comment