

အစည်းအဝေးတွင် နိုင်ငံတော်သမ္မတထံမှပေးပို့သော ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီထံမှ ချေးငွေရယူရန်ကိစ္စနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။
ဒဂုံမဲဆန္ဒနယ်မှ ဒေါက်တာ သက်သက်ခိုင်က JICA ချေးငွေဖြင့် ဆောင်ရွက်မည့် သန်လျင်တံတား အမှတ်-၃ တည်ဆောက်ခြင်းသည် သီလဝါ အထူးစီးပွားရေးဇုန်နှင့် ဆက်စပ်တိုးတက်လာမည့် ပြည်တွင်း ပြည်ပ စီးပွားရေးလုပ်ငန်းများအတွက် လမ်းပန်းဆက်သွယ်မှုနှင့် ရန်ကုန်တောင်ပိုင်းခရိုင် မြို့နယ်များ၏ လူမှုစီးပွားဘဝကို တိုးတက်စေနိုင်သည့်အပြင် အဆောက်အအုံ တိုးတက်မှုရှုထောင့်မှ ကြည့်ရှုပါက ဆောင်ရွက်သင့်သည့် စီမံကိန်းတစ်ခု ဖြစ်ပါကြောင်း။
သို့သော်လည်း ပြည်ထောင်စု အစိုးရအနေဖြင့် အထူးစဉ်းစားရမည်မှာ ရေရှည်တွင်အစိုးရမှ ငွေချေးယူရန်မလိုအပ်ဘဲ တိုင်းပြည်အတွက် အမှန်တကယ်လိုအပ်သည့် ဖွံ့ဖြိုးရေးလုပ်ငန်းများ မည်ကဲ့သို့အောင်မြင်အောင် ဆောင်ရွက်နိုင်မည်ဆိုသည့် မေးခွန်းပင်ဖြစ်ပါကြောင်း၊ ယင်းသို့ ဆောင်ရွက်နိုင်ရန် နိုင်ငံတော်အစိုးရမှ ပုဂ္ဂလိကကဏ္ဍကို ဖွံ့ဖြိုးမှုမိတ်ဖက်အနေဖြင့် သဘောထားပြီး စီမံကိန်းများ အကောင်အထည်ဖော်စေခြင်းသည် ရွေးချယ်စရာနည်းလမ်းတစ်ခု ဖြစ်ပါကြောင်း။
ပြည်ထောင်စု၏ ဖွံ့ဖြိုးရေးစီမံကိန်းကြီးများကို ပုဂ္ဂလိကကဏ္ဍမှ ဆောင်ရွက်စေခြင်းသည် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသူများကို မတည်ရင်းနှီးငွေများ စိုက်ထုတ်ကျခံစေ ခြင်းဖြစ်ပြီး စီမံကိန်းတည်ဆောက် ခြင်းအပါအဝင် နှစ်ရှည်ဝန်ဆောင်မှုနှင့် ပြုပြင်ထိန်းသိမ်းရေးများကိုပါ ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ နောင်တွင် တိုင်းပြည်အတွက် အမှန်တကယ် လိုအပ်သည့် ဖွံ့ဖြိုးမှုစီမံကိန်းကြီးများထဲမှ စီးပွားရေးအရ တွက်ခြေကိုက်သည့် စီမံကိန်းများကို အစိုးရပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်သည့် ပုံစံဖြင့် ချေးငွေကင်းရှင်းအောင် အကောင်အထည်ဖော်စေပြီး စီးပွားရေးအရ တွက်ခြေမကိုက်သော်လည်း တိုင်းပြည်၏ဖွံ့ဖြိုးမှုအတွက် မဖြစ်မနေ ဆောင်ရွက်ရမည့် စီမံကိန်းများကိုသာ ပြည်ပချေးငွေဖြင့် အကောင်အထည်ဖော်သင့်ပါကြောင်း ဆွေးနွေးသည်။
မင်္ဂလာဒုံမဲဆန္ဒနယ်မှ ဦးအောင်လှိုင်ဝင်းက ယခုချေးငွေမှာ ပြန်ဆပ်ကာလ နှစ်ပေါင်း(၄ဝ)အချိန်ရမည်ဖြစ်ပြီး အတိုးနှုန်းနည်းသည့် ချေးငွေဖြစ်သောကြောင့် ချေးယူရန် ထောက်ခံပါကြောင်း၊ သို့သော်လည်း အစိုးရတစ်ရပ်အနေဖြင့် ဝင်ငွေ/ ထွက်ငွေ ဖြန့်ဖြူးမှုကို ညီမျှစေရန်အတွက် ဖွံ့ဖြိုးမှုနည်းပါးသည့် ဒေသများကို ဦးစားပေးဆောင်ရွက်သင့်ပါကြောင်း၊ သို့ဖြစ်၍ နောင်ချေးငွေများ ချေးယူသည့်အခါ တိုင်းဒေသကြီးနှင့် ပြည်နယ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မည်ကဲ့သို့ဆောင်ရွက်သွားမည်ကို ပြည်ထောင်စုလွှတ်တော်သို့ အသိပေး တင်ပြသင့်ပါကြောင်း ဆွေးနွေးသည်။
ကျိုက်လတ်မဲဆန္ဒနယ်မှဦးရန်လင်း က ယခုသန်လျင်တံတားမှာ ကြံ့ခိုင်မှုနည်းပါးနေသည့်အတွက် တံတားတစ်စင်း ထပ်မံတည်ဆောက်သင့်ပါကြောင်း၊ ယခုအခါတွင် မော်တော်ယာဉ်များ များပြားလာသည့်အတွက် တံတားပေါ်၌ ယာဉ်ပျက်မှုဖြစ်ပွားပါက ယာဉ်ကြောပိတ်ဆို့မှု အချိန်များစွာ စောင့်ဆိုင်းရပါကြောင်း၊ သန်လျင်မြို့သည် ရန်ကုန်မြို့သစ်စီမံကိန်း၏ တစ်စိတ်တစ်ပိုင်းတွင် ပါဝင်ပါကြောင်း၊ ချေးငွေမှာ နှစ်(၄ဝ) ဖြစ်ပြီး အတိုးနှုန်းမှာ (သုည ဒသမ ဝ၁)ဖြစ် သည့်အတွက် သက်သာသည့် အတိုးနှုန်းဖြစ်ပါကြောင်း၊ တံတားတည်ဆောက်ရာတွင် မြစ်ကြောင်း မထိခိုက်စေရေးအတွက် လေ့လာဆန်းစစ်မှုများပြုလုပ်ရန် အကြံပြုလိုပါကြောင်း၊ ယခုစီမံကိန်းတည်ဆောက်ရန်အတွက် ချေးငွေရယူရန် ထောက်ခံပါကြောင်း ဆွေးနွေးသည်။
ထို့ပြင် နိုင်ငံတော်သမ္မတထံမှပေးပို့ထားသော ကိုရီးယားသမ္မတနိုင်ငံ စီးပွားရေးဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက် ရေးရန်ပုံငွေမှ ချေးငွေရယူရန်ကိစ္စနှင့် စပ်လျဉ်း၍ လှိုင်းဘွဲ့မဲဆန္ဒနယ်မှ ဦးခင်ချိုက ကိုရီးယားသမ္မတနိုင်ငံ စီးပွားရေးဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေးရန်ပုံငွေမှ ရယူမည့် ချေးငွေ အမေရိကန်ဒေါ်လာ (၆၁ ဒသမ ဝဝ)သန်းကို ခြောက်နှစ်တာ ကာလအတွင်း ချေးယူရမည်ဖြစ်ပြီး ပြန်ဆပ်ဆိုင်းငံ့ကာလ (၁၅)နှစ်၊ ပြန်ဆပ်ကာလ(၂၅)နှစ်ဖြစ်ပြီး အတိုးနှုန်းနှင့် ဝန်ဆောင်ခမှာ သက်သာသည့် နှုန်းထားဖြစ်သောကြောင့် ချေးယူရန် သင့်လျော်မှုရှိပါကြောင်း၊ လုပ်ငန်းဆောင်ရွက်မှုအနေဖြင့် တွံတေးတူးမြောင်း ရေလမ်းကြောင်း လုံခြုံမှုရှိစေရေး၊ ကုန်စည်စီးဆင်းမှု မြန်ဆန်လာရေး၊ ခရီးသွားလာမှု တိုးတက်လာစေရေး၊ ကမ်းပြိုကမ်းစားမှုနှင့် ရေကြီးရေလျှံမှု နည်းပါးစေရေး၊ စိုက်ပျိုးမြေ ဆုံးရှုံးမှုလျော့ပါးစေရေး စသည့် အကျိုးကျေးဇူးများရရှိမည် ဖြစ်သည့်အတွက် ယခုချေးငွေများ ချေးယူသင့်ပါကြောင်း ဆွေးနွေးသည်။
အဆိုပါ ချေးငွေရယူရေးကိစ္စရပ် များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ရယူခြင်းကို အစည်းအဝေး ပဉ္စမနေ့တွင် ဆောင်ရွက်မည်ဖြစ်သည်။
Credit To >>> The Mirror Daily
0 comments:
Post a Comment