ယခင်အစိုးရလက်ထက်က ဖွဲ့စည်းထားသည့် သီလဝါအထူးစီးပွားရေး စီမံခန့်ခွဲမှုကော်မတီတစ်ခုကိုသာ ဆက်လက်တာဝန်ယူပေးခဲ့ပြီး ကျန်ဇုန်ကော်မတီ နှစ်ခုကို ပြောင်းလဲလိုက်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်တစ်ဦးက ပြောသည်။
‘‘ကော်မတီသုံးခုစလုံးကို စီးပွားကူးသန်းက တာဝန်ခံလိုက်ရတယ်။ ဒါကြောင့် အားလုံးကို အသစ်ပြန်ခန့်ရတယ်။ သီလဝါကတော့ အရင်အတိုင်း ဆက်လက်လုပ်မယ်’’ဟု ၎င်းက ဆက်လက် ပြောသည်။
လက်ရှိအချိန်တွင် ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှု ကော်မတီကို ခန့်အပ်ပြီးဖြစ်၍ ပြီးခဲ့သည့် နိုဝင်ဘာ ၂ ရက်က ဇုန်အကောင်အထည်ဖော်ခွင့်ရထားသည့် တရုတ် CITIC ကုမ္ပဏီနှင့် အလုပ်ရုံ ဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း အဆိုပါ ညွှန်ကြားရေးမှူးချုပ်က ပြောသည်။
ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ တာဝန်ခွဲပြောင်းမှုအတွက် နိုဝင်ဘာ ၇ ရက်တွင် ဝန်ကြီးဌာန၌အစည်းအဝေးတစ်ခုပြုလုပ်မည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
မြန်မာနိုင်ငံတွင် သီလဝါအထူးစီးပွားရေးဇုန်၊ ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ကျောက်ဖြူအထူးစီးပွားရေးဇုန်ဟူ၍ အထူးစီးပွား ရေးဇုန်သုံးခုရှိသည်။ ၎င်းတို့အနက်သီလဝါအထူးစီးပွားဇုန်သာ စတင်လည်ပတ်နေပြီး ထားဝယ်အထူးစီး ပွားရေးဇုန်သည် လုပ်ငန်းရပ်တန့်ထားကာ ကျောက်ဖြူအထူးစီးပွားရေးဇုန်မှာမူ လုပ်ငန်းစတင်နိုင်ခြင်း မရှိသေးပေ။
ယခုဖွဲ့စည်းထားသည့် ကော်မတီများတွင် စီးပွားရေးပညာရှင်၊ သဘာဝပတ်ဝန်းကျင်ပညာရှင်နှင့် လူမှုစီးပွားရေးပညာရှင်များပါဝင်ကြောင်း စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနလက်ထောက်အတွင်းဝန်က ပြောကြားသည်။
ယခင်အစိုးရလက်ထက်တွင် အထူးစီးပွားရေးဇုန်တစ်ခုလျှင် ဒုဝန်ကြီးအဆင့်ပုဂ္ဂိုလ်များအား စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌအဖြစ် ခန့်အပ်ခဲ့ပြီး သီလဝါအထူးစီးပွားရေးဇုန်ကို ဗဟိုဘဏ်ဒုဥက္ကဋ္ဌ ဦးဆက်အောင်က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။
အစိုးရသစ်လက်ထက် သက်တမ်းခုနစ်လကျော်တွင် အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီကို ယခုကဲ့သို့ ပြန်လည်ဖွဲ့စည်းနိုင်ခြင်းဖြစ်သည်။ အထူးစီးပွားရေး ဇုန်ဆိုင်ရာ ဗဟိုအဖွဲ့နှင့် ဗဟိုလုပ် ငန်းအဖွဲ့များကို နိုင်ငံတော်သမ္မတ ဦးထင်ကျော်က သြဂုတ် ၁၂ ရက်၌ဖွဲ့စည်းပေးခဲ့သည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာနကို အထူးစီးပွားရေးဇုန်များ တာဝန်ခံဝန်ကြီးဌာနအဖြစ် တာဝန်ပေးခဲ့သည်။
Credit To >>> 7 Day Daily
0 comments:
Post a Comment