Friday, November 18, 2016

ယာဉ်အိုယာဉ်ဟောင်းဘတ်စ်ကားများ အပ်နှံလဲလှယ်မှု ယနေ့စတင်

ရန်ကုန်မြို့၏ ဘတ်စ်ကားသယ်ယူပို့ဆောင်ရေး ပြုပြင်ပြောင်းလဲမှု အစီအစဉ်အရ အနှစ် ၂ဝ သက်တမ်းအထက် အိုဟောင်းဘတ်စ်ကားများအား ဦးစားပေးကာ အစားထိုးလဲလှယ်မည့်အစီအစဉ် စတင်မည်ဖြစ်ပြီး နိုဝင်ဘာ ၁၇ ရက်မှ စတင်ကာ အိုဟောင်းဘတ်စ်ကားများအား စတင်အပ်နှံမှု လက်ခံပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ သိရသည်။

ယင်းသို့ ပြုပြင်ပြောင်းလဲ ဆောင်ရွက်ရာတွင် လက်ရှိဘတ်စ်ကား လိုင်းများတွင် ပြေးဆွဲနေသော အနှစ် ၂ဝ နှင့်အထက် အိုဟောင်းနေသော ဘတ်စ်ကားများကို ဦးစားပေးအနေဖြင့် ယာဉ်အသစ် အစားထိုး လဲလှယ်ရေးအစီအစဉ် စတင်သွားမည်ဖြစ်ပြီး အိုဟောင်းဘတ်စ်ကား အပ်နှံပါက လူစီးယာဉ်တင်သွင်းခွင့် ခွင့်ပြုပေးသွားမည်ဖြစ်သည်။
'' အဓိက က ဘတ်စ်ကားစနစ် ပြုပြင်ပြောင်းလဲရေးလုပ်တာပါ။ တစ်ဦးချင်းစနစ်ကနေ အများပိုင်စနစ်ပြောင်းတာပေါ့။ နောက်တစ်ခုက ပြေးဆွဲတဲ့စနစ်ပြောင်းတာမှာ အခုဆိုရင် လိုင်းငယ်ပေါင်း ၃၅ဝ လောက်ရှိတယ်။ အဲဒါကို လမ်းကြောင်းတူ ဦးတည်ရာတူတာတွေကို စနစ်တကျ စုစည်းပြီးလိုင်း ၅ဝ၊ ၆ဝ လောက် ကျစ်ကျစ်လျစ်လျစ်လုပ်မယ်။ လမ်းမကြီး တစ်လမ်းကို လိုင်းတစ်လိုင်းပဲ ပြေးဆွဲတဲ့ စနစ်မျိုးပေါ့။ အများပိုင် ကုမ္ပဏီကားလိုင်းတွေကို ပြေးဆွဲစေပါမယ်။ နောက် စီမံအုပ်ချုပ်မှုမှာလည်း အခု မထသကနေ ဆောင်ရွက်နေတာက နောင်ဆိုရင် သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့က အများပိုင်ဘတ်စ်ကားလိုင်းတွေကို စီမံသွားမယ်။ အိုဟောင်း ဘတ်စ်ကား စတင်အပ်နှံမှုလုပ်တဲ့နေ့မှာ ယာဉ် ၂၇ စီး အပ်နှံမှာ ဖြစ်ပါတယ်။ လူစီးစလစ် ထုတ်ပေးမှာဖြစ်ပါတယ်။ အပြင်မှာ ကောလာဟလ ထွက်နေသလို လူစီးစလစ်မထုတ်ပေးဘူးတို့၊ အခွန်တိုးကောက်မယ်တို့ဆိုတာ မဟုတ်ပါဘူး။ နောက်တစ်ပတ်မှာတော့ အစီး ၁ဝဝ ကျော်အပ်မှာပါ။ လက်ရှိ ယာဉ်လိုင်းပြေးဆွဲမှုကို မထိခိုက်အောင် ဆောင်ရွက်သွားမှာပါ' ဟု ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ အတွင်းရေးမှူး ဒေါက်တာ မောင်အောင်က ကြေးမုံသို့ ပြောကြားသည်။
ယင်းသို့ ဘတ်စ်ကားများ အိုဟောင်းအစားထိုးလဲလှယ်ရာတွင် လက်ရှိယာဉ်ပိုင်ရှင်များ နစ်နာမှုမရှိစေရန် ဆောင်ရွက်သွားမည်ဖြစ်သည့်အပြင် လက်ရှိပြေးဆွဲနေမှုကိုလည်း ထိခိုက်ခြင်းမရှိစေရန်အတွက် စနစ်တကျ အချိန်ယူဆောင်ရွက်သွားမည်ဟု သိရသည်။ ဘတ်စ်ကား အိုဟောင်းလဲလှယ်မှုအတွက် ၁၉၉၅ ခုနှစ်အောက်၊ အနှစ် ၂ဝ ကျော်နေပြီဖြစ်ပြီး ဥပဓိရုပ်နှင့် ကြံ့ခိုင်မှု မကောင်းသော ယာဉ်များကို ဦးစားပေးလဲလှယ်ခွင့်ပြုသွားမည်ဖြစ်သည်။
အိုဟောင်းဘတ်စ်ကားများအပ်နှံမှု စတင်လက်ခံခြင်းကို ရန်ကုန်တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန မြင်သာ က-ည-န ရုံးတွင် နိုဝင်ဘာ ၁၇ ရက်မှ စတင်ကာ လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ အပ်နှံမှု စတင်လက်ခံချိန်တွင် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုအာဏာပိုင်အဖွဲ့မှ တာဝန်ရှိသူများ၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူများကိုယ်တိုင် မီဒီယာများမှ သိရှိလိုသည်များကို ဖြေကြားရှင်းလင်းပေးခဲ့သည်။
လက်ရှိတွင် စာရင်းများအရ ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေသော ဘတ်စ်ကားအစီးရေမှာ ၇ဝဝဝ ကျော်ခန့်ရှိပြီး နေ့စဉ်ပျမ်းမျှပြေးဆွဲ စာရင်းမှာ ၄ဝဝဝ ကျော်ခန့်ရှိကြောင်း သိရသည်။ ယင်းတွင် နှစ် ၂ဝ ကျော် အိုဟောင်း စီးတီးဘတ်စ်နှင့် မီနီဘတ်စ် အရေအတွက်မှာ ၁၇ဝဝ ခန့်၊ ဒိုင်နာ၊ ဘီအမ်ယာဉ်များအပါအဝင် ၃ဝဝဝ ကျော်ခန့် ရှိကြောင်း သိရသည်။
ရန်ကုန်မြို့ပြ သယ်ယူပို့ဆောင်ရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ ဆောင်ရွက်နေရာတွင် ဂျပန်နိုင်ငံ၏ ကူညီထောက်ပံ့မှုများဖြင့် ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီမှလည်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပူးပေါင်းကာ မြို့ပြသယ်ယူပို့ဆောင်ရေးကဏ္ဍတွင် ကူညီပံ့ပိုးဆောင်ရွက်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Credit To >>> The Mirror Daily

0 comments:

Post a Comment