
အမေရိကန်သမ္မတ ဘာရက်အိုဘားမားသည် ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို ဒူတာတေးနှင့် ပထမဆုံးအကြိမ် တွေ့ဆုံမည့်အစီအစဉ်ကို ဖျက်သိမ်းလိုက်သည်။
အမေရိကန် အမျိုးသားလုံခြုံရေး ကောင်စီပြောရေးဆိုခွင့်ရှိသူ နက်ဒ်ပရိုက်စ်က အိုဘားမားသည် လာအိုနိုင်ငံတွင် ကျင်းပသည့် အာဆီယံထိပ်သီးဆွေးနွေးပွဲတွင် ဒူတာတေးနှင့် သီးသန့်တွေ့ဆုံဆွေးနွေးမည့်အစီအစဉ်အစား တောင်ကိုရီးယားသမ္မတ ပတ်ခ်ဂွန်ဟေးနှင့် တွေ့ဆုံသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ဒူတာတေးသည် ဇွန်လတွင် သမ္မတ တာဝန်စတင်ထမ်းဆောင်ပြီးနောက် မူးယစ် ဆေးဝါးတိုက်ဖျက်နှိမ်နင်းမှုများကို အရှိန်မြှင့် လုပ်ဆောင်လျက်ရှိသည်။ ယင်းသို့ နှိမ်နင်းမှုများကြောင့် နှစ်လကျော်ကာလအတွင်းမှာပင် မူးယစ်ဆေးဝါးရောင်းဝယ်သူ ၁ဝဝဝ ကျော် သေဆုံးခဲ့ရသည်။
အိုဘားမားက ဒူတာတေးနှင့် တွေ့ဆုံသည့်အခါ လူ့အခွင့်အရေးနှင့် ပတ်သက်သည့် စိုးရိမ်မှုများကို ပြောဆိုဆွေးနွေးမည်ဟု ပြောကြားခဲ့သည်။ ယင်းကိစ္စနှင့် ပတ်သက်၍ ဒူတာတေးက သတင်းထောက်များရှေ့တွင် အိုဘားမားကို ကြမ်းတမ်းသောစကားလုံးများ အသုံးပြုပြီး ပြန်လည်တုံ့ပြန်ခဲ့သည်။
တွေ့ဆုံဆွေးနွေးမည့်အစီအစဉ် ဖျက်သိမ်းလိုက်ရသည့်အတွက် နှစ်နိုင်ငံသံတမန် ဆက်ဆံရေးထိခိုက်ခဲ့ရသည်။ ဒူတာတေးသည် ထင်ပေါ်ကျော်ကြားသည့် နိုင်ငံတကာ ခေါင်းဆောင်များကို ဆိုးဆိုးရွားရွားစကားလုံးများဖြင့် စော်ကားခြင်းသည် အိုဘားမားအပေါ် ပထမဆုံးမဟုတ်ပေ။ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ကိုလည်းကောင်း၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီကိုလည်းကောင်း၊ ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးကိုလည်းကောင်း ကြမ်းတမ်းသောစကားလုံးများဖြင့် ဝေဖန်ပြောဆိုခဲ့ဖူးသည်။
Credit To >>> The Mirror Daily
0 comments:
Post a Comment