Wednesday, September 21, 2016

ခရီးသည်တင်လေယာဉ်များဝယ်ယူရန် မစ်ဆူဘီရှီကုမ္ပဏီနှင့် အီရန် ဆွေးနွေး

အိုမင်းနေပြီဖြစ်သော လေယာဉ်များကိုပြုပြင်ရန်ရည်ရွယ်ကာ ခရီးသည်တင်လေယာဉ် များဝယ်ယူရေးအတွက် ဂျပန်နိုင်ငံမှ မစ်ဆူဘီရှီကုမ္ပဏီနှင့် အီရန်နိုင်ငံတို့ ဆွေးနွေးနေကြောင်း လမ်းပန်းနှင့် မြို့ပြဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ အီရန်တာဝန်ရှိသူတစ်ဦး၏ပြောကြားချက်ကို ကိုးကား၍ Press TV က ဖော်ပြသည်။

မစ်ဆူဘီရှီကုမ္ပဏီက မကြာမီမှာ အီရန်နိုင်ငံကို လေယာဉ်အမြောက်အမြားပေးပို့မယ် လို့ ယူဆရပါတယ်'' ဟု လမ်းပန်းနှင့်မြို့ပြဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Asghar fakhriyeh-kashan က ပြောကြားသည်။ အီရန်နိုင်ငံမှ Aseman လေကြောင်းလိုင်းက ပြည်တွင်းခရီးစဉ်များပြေးဆွဲရန် မစ်ဆူဘီရှီကုမ္ပဏီထံမှ ခရီးသည်လေယာဉ် ၂၅ စင်း ဝယ်ယူရန်စီစဉ်နေသည်။ အီရန်လေကြောင်းလိုင်းများက ခရီးသည်တင်လေယာဉ်များ ဝယ်ယူရန် ကနေဒါနိုင်ငံမှ Bombardier နှင့် ဘရာဇီးနိုင်ငံမှ Embraer ကုမ္ပဏီများနှင့်လည်း ညှိနှိုင်းဆွေးနွေးလျက်ရှိသည်။
အမေရိကန်ဒေါ်လာ ၅ဝ ဘီလီယံတန်ဖိုးရှိ ခရီးသည်တင်လေယာဉ်အစင်း ၂ဝဝ ခန့်ဝယ်ယူရန် အီရန်နိုင်ငံက အဲဘတ်စ်နှင့် ဘိုရင်းကုမ္ပဏီတို့နှင့် သဘောတူစာချုပ်များ လက်မှတ်ရေးထိုးခဲ့သည်။ သို့သော်လည်း အမေရိကန်ပြည်ထောင်စု၏ အီရန်နိုင်ငံအပေါ် ပိတ်ဆို့မှုကြောင့် အဲဘတ်စ်၊ ဘိုရင်းကုမ္ပဏီတို့နှင့်လက်မှတ်ရေးထိုးထားသော သဘောတူ စာချုပ်များမှာ ဘဏ္ဍာရေးအဟန့်အတားများ ကြုံတွေ့နေရသည်။
အမေရိကန်ပြည်ထောင်စု၏ပိတ်ဆို့မှုကြောင့်ဖြစ်ပေါ်လာသည့် ဘဏ္ဍာရေးဆိုင်ရာ အဟန့်အတားများက အီရန်နိုင်ငံသို့ ခရီးသည်လေယာဉ်များရောင်းချမည့် လေယာဉ်ထုတ်လုပ် ရေးကုမ္ပဏီများကို စိတ်ပျက်စေကြောင်း လမ်းပန်းနှင့် မြို့ပြဖွံ့ဖြိုးရေးဝန်ကြီးဌာနက စက်တင်ဘာ ၁၈ ရက်တွင် ပြောကြားခဲ့သည်။
Credit To >>> The Mirror Daily

0 comments:

Post a Comment