မြောက်ကိုရီးယားက နျူကလီးယားလက်နက် စမ်းသပ်ခဲ့ပြီးနောက် တုံ့ပြန် အင်အားပြသည့် အနေဖြင့် အမေရိကန်၏ အသံထက်မြန်သော မဟာဗျူဟာ ဗုံးကြဲလေယာဉ်များကို ကိုရီးယား ကျွန်းဆွယ်တွင် အင်အားပြ ပျံသန်းခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် သီတင်းပတ်ကုန်က မြောက်ကိုရီးယားသည် ၎င်းတို့၏ ပဉ္စမမြောက်နှင့် အပြင်းထန်ဆုံးဖြစ်သော နျူကလီးယား စမ်းသပ်မှု တစ်ရပ်ကို ပြုလုပ်ခဲ့ရာ ဒေသတွင်း တင်းမာမှုများ မြင့်တက်လာသည်။ စက်တင်ဘာ ၁၂ ရက်တွင်မူ အမေရိကန်၏ B-1 Lancer မဟာဗျူဟာ ဗုံးကြဲတိုက်လေယာဉ်ကြီး နှစ်စီးသည် တောင်ကိုရီးယားရှိ အိုဆန် လေတပ်စခန်းမှ ပျံတက်လာကာ မြောက်ကိုရီးယားနှင့် နယ်နိမိတ် ခြားနားထားသည့် စစ်မဲ့ဇုန်အနီး အနိမ့်ပျံသန်းခဲ့သည်။
အစောပိုင်းက ထိုလေယာဉ်များကို စက်တင်ဘာ ၁၂ ရက်တွင် အင်အားပြ ပျံသန်းရန် စီစဉ်ခဲ့သော်လည်း လေယာဉ်များ အဓိက အခြေစိုက်ရာ ဂူအမ်ကျွန်းတွင် ရာသီဥတု ဆိုးရွားနေသဖြင့် နှောင့်နှေးခဲ့သည်။ အဆိုပါ လေယာဉ်ကြီးများသည် ကမ္ဘာပေါ်တွင် ခေတ်အမီဆုံး စာရင်းဝင် ဗုံးကြဲလေယာဉ်များ ဖြစ်ကြပြီး စစ်လက်နက် ခဲယမ်းမီးကျောက် ပမာဏ အမြောက်အမြား တင်ဆောင်နိုင်သလို ပဲ့ထိန်းဗုံးများပါ တပ်ဆင်ထားသည်။
အမေရိကန် လေတပ်၏ ဗုံးကြဲလေယာဉ်ကြီးများကို တောင်ကိုရီးယားနှင့် အမေရိကန် တိုက်လေယာဉ်များက အနှေးပျံသန်းကာ ခြံရံလိုက်ပါခဲ့ကြသည်။ “ဒီနေ့ အင်အားပြ ပျံသန်းမှုဟာ အမေရိကန် အနေနဲ့ ခရီးတာ အဝေးဆုံးထိ စစ်အင်အား ဖြန့်ကျက်နိုင်စွမ်း ရှိကြောင်းနဲ့ ခြိမ်းခြောက်မှုတိုင်းကို အချိန်မရွေး တုံ့ပြန်နိုင်စွမ်းရှိကြောင်း လက်တွေ့ ပြသခဲ့တာလည်း ဖြစ်ပါတယ်”ဟု တောင်ကိုရီးယားရှိ ပူးပေါင်း မဟာမိတ်တပ်ဖွဲ့ အကြီးအကဲ ဗိုလ်ချုပ်ကြီး ဗင်းဆင့်ဘရွတ်ခ်က ပြောကြားခဲ့သည်။
မြောက်ကိုရီးယားသည် လတ်တလောတွင် နျူကလီးယားလက်နက် စမ်းသပ်ဖောက်ခွဲသည့် နေရာ၌ အလုပ်များနေဆဲ ဖြစ်သောကြောင့် နောက်ထပ် နျူကလီးယား စမ်းသပ်မှုတစ်ခု ပြုလုပ်ရန် စီစဉ်နေခြင်း ဖြစ်နိုင်ကြောင်း တောင်ကိုရီးယား ထောက်လှမ်းရေးက ခန့်မှန်းထားသည်။
Credit To >>> 7 Day Daily
0 comments:
Post a Comment