Thursday, September 8, 2016

တရုတ်နိုင်ငံအတွင်း ထိခိုက်မည် စိုးရိမ်သဖြင့် မြန်မာနိုင်ငံ၌ တည်ဆောက်ရန် ကြိုးပမ်းလာသည့် သံလွင်ရေကာတာ စီမံကိန်းများမှာ ထိုင်းနှင့် တရုတ်နိုင်ငံ အတွက်သာ အကျိုးရှိမည်ဖြစ်၍ အစိုးရသစ် လက်ထက်တွင်လည်း လက်ခံမည် မဟုတ်ဟု ဆို

မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ ပူးတွဲပိုင်ဆိုင်သည့် သံလွင်မြစ်ပေါ်ရှိ စီမံကိန်းများမှာ တရုတ်နိုင်ငံတွင် တည်ဆောက်ပါက တရုတ်နိုင်ငံ၌ ထိခိုက်မည် စိုးရိမ်သဖြင့် မြစ်အောက်ပိုင်းရှိ မြန်မာနိုင်ငံတွင် လာရောက် တည်ဆောက်ခြင်းဖြစ်ပြီး
ထိုစီမံကိန်းများမှာလည်း တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံသာ အကျိုးရှိမည်ဖြစ်၍ လက်ရှိအစိုးရသစ် လက်ထက်တွင်လည်း လက်ခံမည် မဟုတ်ကြောင်း စက်တင်ဘာ ၇ ရက်က ရန်ကုန်မြို့ရှိ Orchid ဟိုတယ်တွင် ကျင်းပသည့် တိုးတက်သော မွန်လူငယ်များ အစည်းအရုံး၏ “တိမ်းစောင်းမခံနိုင်သော မျှခြေ” အစီရင်ခံစာ မိတ်ဆက်ပွဲတွင် သံလွင်မြစ်နှင့် ထိစပ်နေသည့် ပြည်နယ်သုံးခုမှ ဒေသခံများက ကန့်ကွက် ပြောကြားသည်။

သံလွင်မြစ်ပေါ်တွင် တရုတ်နိုင်ငံက တည်ဆောက်ရန် စီစဉ်အဆိုပြုထားသည့် စီမံကိန်း ၁၃ ခုနှင့် တိဘက်ဒေသတွင် ၂၂ ခု ဆည်တည်ဆောက်ရန် ရှိနေသည်။ ထိုသို့ တည်ဆောက်ရန် လုပ်ဆောင်ထားသည့် စီမံကိန်းများနှင့် ပတ်သက်၍ မြစ်အထက်ပိုင်းမှ တရုတ်နိုင်ငံက ဆည်တည်ဆောက်ပြီး မြန်မာနိုင်ငံက ဆည်မတည်ဆောက်ပါက မြန်မာနိုင်ငံမှသာ နစ်နာမည်ဖြစ်ပြီး တရုတ်ဘက်တွင် ဆည်ကျိုးကျပါကလည်း မြန်မာနိုင်ငံက နစ်နာရဦးမည် အခြေအနေနှင့် ပတ်သက်၍  တရုတ်နိုင်ငံကမူ သူ့နိုင်ငံအတွင်း ဆည်တည်ဆောက်မည့် အလားအလာ မရှိဘဲ မြန်မာနိုင်ငံတွင်သာ တည်ဆောက်ရန် စီစဉ်ထားကြောင်း ရှမ်းသဘာဝ ပတ်ဝန်းကျင်အရေး လှုပ်ရှားသူ စိုင်းခေးဆိုင်က ဆိုသည်။

“တရုတ်က သူ့နိုင်ငံထဲမှာဆောက်ရင် သူ့ရေယာဉ်တွေ သွားနိုင်တော့မှာ မဟုတ်ဘူး။ ဒါပေမဲ့ ကွမ်လုံဆောက်ရင် ရေက ဟိုးအထက် ယူနန်အထိတက်မယ်။ သူ့သင်္ဘောနဲ့ ကုန်သွယ်လာနိုင်မယ်။ သံလွင်ရေကာတာ တစ်ခုဆောက်ရင် အကုန်လုံး ပါသွားပြီ။ တစ်ခုဆောက်ရင် နောက်တစ်ခု ဆောက်မှကိုရမယ်။ တစ်ခုပေးလိုက်တာနဲ့ ကျွန်တော်တို့က အကုန်ရှုံးတယ်။ တစ်ခုက ကုန်သွယ်ရေးအရ ကျွန်တော်တို့က ထုတ်ကုန် မရှိဘူး။ သူတို့က ထုတ်ကုန် ရှိတယ်။ လျှပ်စစ်ဓာတ်အားကလည်း သူ့နိုင်ငံမှာ မီးကြိုးသွယ်တန်းဖို့ Generator ငါးခုနဲ့ စီစဉ်ထားပြီး ဖြစ်နေတယ်။ ကျွန်တော်တို့မှာ ဘာမှမရှိဘူး။ လျှပ်စစ်ကို ကျွန်တော်တို့ ရဖို့လည်း မျှော်လင့်စရာ မရှိဘူး။ တရုတ်က သူ့နိုင်ငံမှာ ဆောက်ဖို့တော့ မဖြစ်နိုင်ဘူး။ ဖြစ်မဖြစ်ကတော့ လူထုနဲ့ အစိုးရအပေါ် မူတည်တာပေါ့။ သတင်းစာ ရှင်းလင်းပွဲ လုပ်ရတာက လူထုက သိသွားရင် ဘယ်သူက အကျိုးအမြတ် များတယ်ဆိုတာ တစ်နိုင်ငံလုံးမှာ သိမယ်။ နောက်တစ်ချက်က NLD အစိုးရ မဖြစ်ခင် ကတည်းက လူထုက ပဋိပက္ခဒေသမှာ တိုက်ပွဲတွေများလို့ ဒီသံလွင် ဆည်စီမံကိန်းတွေကို မကြိုက်ဘူး။ ဒါပေမဲ့ အစိုးရဖြစ်တဲ့ အချိန်မှာ ဘာကြောင့် သဘောတူရတာလဲ။ တရုတ်ကို မလွန်ဆန်နိုင်လို့လား” ဟု စိုင်းခေးဆိုင်က မေးခွန်းထုတ်သည်။

သံလွင်မြစ်ကြောင်းတစ်လျှောက် ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်၊ ကယားပြည်နယ်များတွင် ရေကာတာ စီမံကိန်းများ၏ နောက်ဆက်တွဲ တိုက်ပွဲများကြောင့် ထွက်ပြေး တိမ်းရှောင်နေရသည့် ပြည်သူဦးရေမှာ တစ်သန်းခန့် ရှိနေနိုင်ပြီး ရေကာတာ တည်ဆောက်ရာတွင် ရွာအများစု ရွှေ့ပြောင်းရမည် ဖြစ်ကာ အကျိုးအမြတ် ခွဲဝေမှုများကြောင့်လည်း တိုင်းရင်းသား လက်နက်ကိုင်များ အချင်းချင်း အကြားပင် တိုက်ပွဲများ ဖြစ်လာနိုင်သည်ဟု စိုင်းခေးဆိုင်က ပြောကြားသည်။

“၂၁ ပင်လုံ ဖြစ်နေချိန်မှာ တိုက်ပွဲတွေလည်း ဆက်ဖြစ်နေတာ ငြိမ်းချမ်းရေးအပေါ် အများကြီး သက်ရောက်တယ်။ ပြောတော့ပြောမယ်။ စစ်ပွဲတွေက စစ်ရေးနဲ့ပဲ ပတ်သက်တယ်။ ရေကာတာနဲ့ မပတ်သက်ဘူးပေါ့။ အဲဒါဆိုရင် ဘာလို့ နောင်ဖာနားမှာ စစ်သွားတိုက်ရတာလဲ။ ဘာကြောင့် ကွမ်လုံ ရေကာတာနားမှာ စစ်တိုက်ရတာလဲ။ ဘာကြောင့် မိုင်းတုံရေကာတာနားမှာ စစ်သွားတိုက်တာလဲ။ ဘာ့ကြောင့် ဟတ်ကြီးရေကာတာနားမှာ စစ်ဖြစ်ရတာလဲ။  အဲဒါတွေက သက်သေပြတာပဲ။ ဆောက်လိုက်ရင် ပြဿနာ  တက်သွားမယ်။ အကျိုးအမြတ်ထက် ပြဿနာက ပိုများနေတယ်။ ထိုင်းက နှစ်ခု ရည်မှန်းထားတယ်။ တစ်ခုက လျှပ်စစ်ရဖို့၊ တစ်ခုက ရေရရှိဖို့။ ထိုင်းနိုင်ငံမှာ လျှပ်စစ်က ပြည့်စုံပြီးသား။ ကျွန်တော်တို့ဆီက ထွက်တဲ့ လျှပ်စစ်တွေကို သူတို့က ပြန်ရောင်းထုတ်မှာ။ ထိုင်းက သူ့နိုင်ငံမှာ မူဝါဒကိုက သူ့နိုင်ငံမြစ်ကြောင်းတွေ အပေါ်မှာ ဘယ်ရေကာတာမှ မဆောက်ရဆိုပြီး ချမှတ်ထားတယ်။ ဒါကြောင့် ဆောက်နိုင်တဲ့ နေရာလာတော့ ကျွန်တော်တို့ဆီမှာ လာတွေ့တယ်။ ထိုင်းက ကျွန်တော်တို့ဆီမှာ ရေကာတာဆောက်ရင် (၁) အချက် သူ့နိုင်ငံမထိဘူး။ (၂) အချက် သူ့စီးပွားရေး မထိဘူး။ (၃) အချက် သူအမြတ်ရမယ်။ မီးရောင်းရရင် သူအမြတ်ရမယ်။ ရေကာတာဆောက်ရင် သူ့နိုင်ငံက ပစ္စည်းတွေ ပါလာဦးမယ်။ ထိုင်းနဲ့ တရုတ်က ပညာရှင်တွေ ကျွန်တော်တို့က ပြန်ငှားရဦးမယ်။ ထိုင်းကတော့ အသာစီးမှာပဲ။ ဖြစ်လာတဲ့ ပြဿနာကတော့ ကျွန်တော်တို့ပဲ။ ပြီးတော့ လျှပ်စစ်ဓာတ်အားသွယ်ရင် နိုင်ငံတကာမှာ ကီလိုဝပ် ၃၀၀ နဲ့ပဲ သယ်တယ်။ သံလွင်မှာကျတော့ ထွက်တာကြီးလို့ ၅၀၀ ကီလိုဝပ်နဲ့သယ်မှာ။ ၅၀၀ ကီလိုဝပ်ကြိုးအတွက် သုံးမိုင်လောက် ရှင်းရဦးမယ်။ တောတွေ့ရင် တောရှင်းရမယ်။ ရွာတွေ့ရင် ရွာရှင်းရမယ်။ သုံးမိုင်ဆိုတာ မလွယ်ဘူး။ လျှပ်စစ်ဓာတ်အားလိုင်း လုံခြုံဖို့ မြေမြှုပ်မိုင်းတွေ ရှိဦးမယ်။ လောပိတလိုမျိုး။ ထိခိုက်မှုက ကျွန်တော်တို့ ဆီမှာပဲ” ဟု စိုင်းခေးဆိုင်က ဆက်လက် ပြောကြားသည်။

သံလွင်မြစ်ရေကို ထိုင်းနိုင်ငံကို တူးမြောင်းဖြင့် သွယ်တန်း ရောင်းချရာတွင်လည်း သဘာဝအတိုင်း စီးဆင်းနေသည့် ရေကိုတား၍ တခြားသို့ လွှဲပို့ပါက မြစ်အောက်ပိုင်း ဘီလူးကျွန်းကဲ့သို့ မြစ်ဝရှိ လူငါးသိန်းခန့် မှီတင်းနေရသည့် နေရာတွင် ဆားငန်ရေ တိုးလာပြီး ရေချိုဝင်မှု ကျဆင်းကာ ရေငန်ဝင်ရောက်မှု များလာကာ အဆိုပါ လူဦးရေ ငါးသိန်းခန့်၏ နေထိုင်မှုပုံစံနှင့် ဂေဟစနစ်များ ပျက်သုဉ်းမည်ဖြစ်သဖြင့် လက်ခံနိုင်မည် မဟုတ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

သံလွင်မြစ်ကို အမှီပြု၍ နေထိုင်နေကြသည့် ဒေသခံများ၏ တစ်နှစ်ဝင်ငွေမှာ လယ်ယာစိုက်ပျိုးသူ မိသားစုများနှင့် ငါးဖမ်းလုပ်ငန်း လုပ်ကိုင်သူ မိသားစုများတွင် မိသားစု တစ်နှစ်တာ ရပ်တည်မှုအပြီး ကျပ်သိန်း ၃၀၊ ကျပ် သိန်း ၄၀ အကြား ရှိနေပြီး သံလွင်မြစ်ပေါ်ရှိ စီမံကိန်းများသာ တည်ဆောက်လိုက်ပါက အဆိုပါ လူနေမှုပုံစံများ ပျက်ယွင်းကာ လူဦးရေသိန်းနှင့်ချီပြီး အခက်အခဲများ ကြုံရမည်ဟု တိုးတက်သော မွန်လူငယ်များ အစည်းအရုံးမှ တိမ်းစောင်းမခံနိုင်သော မျှခြေ အစီရင်ခံစာ ဦးဆောင်ကောက်ယူသူ မိအားချိုင်က ဆိုသည်။ ထို့ပြင် ပြည်သူလူထုက လက်မခံသည့် စီမံကိန်းများ ဆက်လက် လုပ်ကိုင်ပါက ကန့်ကွက်မှုများ၊ ဆန္ဒထုတ်ဖော်မှုများ လုပ်ကိုင်သွားမည်ဖြစ်ကြောင်း ဆက်လက် ပြောကြားသည်။

“ပြည်သူလူထု ရွေးကောက်ထားတဲ့ လက်ရှိ အစိုးရကို စစ်အစိုးရလုပ်ခဲ့တဲ့ အမှားတွေ ဆက်မလုပ်ဖို့ ကျွန်မပြောချင်တယ်” ဟု မိအားချိုင်က ဆိုသည်။

ထို့ပြင် လက်ရှိ တရုတ်နှင့် ထိုင်းက ရာခိုင်နှုန်း ၉၀ ပိုင်ဆိုင်နေသည့် သံလွင်ဆည် စီမံကိန်းများမှာ စာချုပ်ပြင်ဆင်ချုပ်ဆိုပြီး ဒေသခံများအတွက် ဖြစ်လာပါကဆိုသည့် အခြေအနေမှာလည်း လုံးဝဖြစ်မလာနိုင်ကြောင်း၊ ရေကာတာကြောင့် မီးရရှိသော်လည်း အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ပျက်ပြားသွားခြင်းနှင့် ငြိမ်းချမ်းရေး တည်ဆောက်ရဦးမည့် ကာလရှည်ကို ပြည်လည် စောင့်ကြည့်ရန် လိုအပ်မည်ဟု ဆည်စီမံကိန်းများ ဆောက်လုပ်ခြင်းနှင့် ပတ်သက်၍ မိအားချိုင်က ဆက်လက် ပြောကြားသည်။

အဆိုပါ သံလွင် စီမံကိန်းများနှင့် ပတ်သက်ပြီး တောပြုန်း၊ တောင်ပြုန်း၊ လူမျိုးပျက်သုဉ်းမည့် အခြေအနေများ ရင်ဆိုင်ရမည်ဖြစ်သဖြင့် လုံးဝလက်ခံမည် မဟုတ်ကြောင်း ကယားပြည်နယ် ရွာသစ်ရေကာတာနှင့် ပတ်သက်၍ အနာဂတ်သံလွင် အမျိုးသမီး အဖွဲ့အစည်းမှ ဒါရိုက်တာ နန်းနှင်းရီက ဆိုသည်။

သံလွင်မြစ်ပေါ်တွင် ဆည်တစ်ခု တည်ဆောက်လိုက်ပါက ရေအားကို ပြန်လည်ထိန်းသိမ်းရန် ဆည်များဆင့်ကဲ ဆောက်ရမည်ဖြစ်သဖြင့် ဆည်စီမံကိန်းများကို လုံးဝလက်ခံမည် မဟုတ်ကြောင်း စိုင်းခေးဆိုင်က ဆက်လက် ပြောကြားသည်။ 

Credit To >>> Eleven Media Group

0 comments:

Post a Comment