Monday, September 19, 2016

အီးယူရဲ့ဒဏ်ချမှုနဲ့ရင်ဆိုင်ထားရတဲ့ Apple ဂျပန်မှာနောက် တစ်ကြိမ် အခွန်ပြစ်ဒဏ်ချမှတ်ခံရပြန်

အမေရိကန် ထိပ်တန်းနည်းပညာကုမ္ပဏီ Apple ဟာ ဂျပန်နိုင်ငံမှာရှိတဲ့ ယင်းရဲ့ iTunes လုပ်ငန်းဌာနမှာ ၀င်ငွေရရှိမှုပမာဏကို လျှော့ပေါ့တင်ပြခဲ့တယ်ဆိုပြီး အခွန်ဒဏ်ကြေး ဒေါ်လာ ၁၁၈ သန်းပေးဆောင်ဖို့ ထပ်မံချမှတ်ခံရပြန်ပြီဖြစ်ပါတယ်။

ထိပ်တန်းနည်းပညာကုမ္ပဏီ Apple အတွက်ကတော့ ပြီးခဲ့တဲ့လကပဲ အိုင်ယာလန်မှာ အခွန်ရှောင်လွဲမှုနဲ့ ဥရောပသမဂ္ဂရဲ့ ဒဏ်ငွေ ဒေါ်လာ ၁၄ ဒသမ ၆ ဘီလီယံ ချမှတ်ခံထားရပြီးယခုအခါ ဒုတိယအကြိမ် အခွန်ဒဏ်ကြေးတစ်ရပ်နဲ့ ထပ်မံ ရင်ဆိုင်ခဲ့ရပြန်တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း တိုကျိုဒေသ အခွန်စည်းကြပ်မှု ဗျူရိုကတောင်းဆိုတဲ့အတိုင်း အပြည့်အ၀ ပေးဆောင်ထားခဲ့တယ်လို့လည်း Apple ရဲ့ iTunes ဌာနက ပြောဆိုထားပါတယ်။

သတင်းတွေအရတော့ ဂျပန်မှာရှိတဲ့ Apple ရဲ့ iTunes လုပ်ငန်းခွဲက ဂျပန် subscribers တွေ ပေးချေမှုတွေကနေ ရတဲ့အကျိုးအမြတ်တစ်ချို့ကို အိုင်ယာလန်မှာရှိတဲ့ Apple လုပ်ငန်းဆီကို လွှဲပြောင်းပေးခဲ့တာကို စစ်ဆေးတွေ့ရှိထားတယ်လို့လည်း သိရပါတယ်။

Apple ဟာဆိုရင် ပြီးခဲ့တဲ့ကာလတွေတုန်းကလည်း တရုတ်နိုင်ငံမှာ အခွန်ဆိုင်ရာ ဒဏ်ငွေ ဒေါ်လာ ၇၁ သန်းပေးဆောင်ခဲ့ရတဲ့ဖြစ်စဉ်လည်း ရှိထားခဲ့ပါတယ်။

အီးယူကတော့ Apple နဲ့ Starbucks လို အမေရိကန် ကုမ္ပဏီကြီးတွေကို အခွန်ရှောင်မှုနဲ့ပတ်သက်လို့ ပြင်းပြင်းထန်ထန်ပြစ်တင်ထားပြီး ယင်းကုမ္ပဏီကြီးတွေဟာ အခွန်ဆိုင်ရာ တစ်လွဲအသုံးချမှုတွေရှိနေတယ်လို့ ဆိုထားပါတယ်။

Credit To >>> SFJ Strategy First Journal

0 comments:

Post a Comment