နိုင်ငံခြား သုံးငွေ စီမံခန့်ခွဲမှု ဥပဒေ၊ စည်းမျဉ်းနှင့် ညွှန်ကြားချက်များ မလိုက်နာပါက နိုင်ငံခြား သုံးငွေ လုပ်ငန်း လုပ်ကိုင်ခွင့် ရရှိသူများ ကျခံရမည့် ပြစ်ဒဏ်များအနက် ဒဏ်ကြေး ပေးဆောင်သည့် အပိုင်းတွင် တိကျစွာ ပြဋ္ဌာန်းထားခြင်း မရှိသောကြောင့် ပြစ်မှုပေါ် မူတည်ပြီး ဒဏ်ကြေးများ သတ်မှတ် ထုတ်ပြန်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်ထံမှ သိရသည်။
၂ဝ၁၂ ခုနှစ်က ထွက်ရှိခဲ့သည့် နိုင်ငံခြား သုံးငွေ စီမံခန့်ခွဲမှု ဥပဒေ အခန်း ၁ဝ တွင် ဗဟိုဘဏ်သည် နိုင်ငံခြားသုံးငွေ လုပ်ငန်း လုပ်ကိုင်ခွင့် ရရှိသူက ယင်း ဥပဒေအခန်း ၆ ပါ ပြဋ္ဌာန်းချက်ကို ဖောက်ဖျက်လျှင် ဒဏ်ကြေး ပေးဆောင်ရမည်ဟု ဆိုသော်လည်း ဒဏ်ကြေးငွေ နှုန်းထားများ သတ်မှတ်ထားခြင်း မရှိသည့်အတွက်ကြောင့် ပေးဆောင်ခြင်း မရှိခဲ့ကြောင်း ဗဟိုဘဏ်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
“ပြစ်ဒဏ်အလိုက် ဒဏ်ကြေး ပေးဆောင်ဖို့ နှုန်းထားတွေ သတ်မှတ်ဖို့က ဆွေးနွေးနေဆဲပါ။ အတည်ပြုပြီးရင် ဘဏ်တွေ၊ ငွေလဲကောင်တာတွေ၊ နိုင်ငံခြားငွေ လုပ်ကိုင် ဆောင်ရွက်သူနဲ့ ပြည်သူတွေကို အသိပေး အကြောင်း ကြားသွားမှာပါ”ဟု ၎င်းက ဆိုသည်။
လိုင်စင် ရထားသော ပုဂ္ဂလိက ငွေလဲကောင်တာများသည် လိုင်စင်တွင် သတ်မှတ်ခွင့်ပြုခြင်း မရှိသော နိုင်ငံခြား သုံးငွေများကို ရောင်းဝယ် လုပ်ကိုင်ပါက ဥပဒေအရ သုံးနှစ်ထက် မပိုသော ထောင်ဒဏ်နှင့် ငွေဒဏ်ပါ ပေးဆောင်ရမည်ဖြစ်ကြောင်း၊ လက်ရှိ အချိန်အထိ စည်းကမ်း ဖောက်ဖျက်သည့် ငွေလဲ ကောင်တာများကို အရေးယူခြင်းနှင့် ဒဏ်ကြေး ကောက်ခံခြင်းများ မရှိခဲ့ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်ထံမှ သိရသည်။
အဆိုပါ ဒဏ်ကြေးငွေ ကိစ္စမှာ ဥပဒေတွင် ပါရှိသည့် အကြောင်းအရာကို အကောင် အထည်ဖော်ခြင်းဖြစ်ပြီး စည်းကမ်းလိုက်နာ စေရေးအတွက် ပြစ်ဒဏ်ကို ပိုမို တင်းကျပ်ခြင်းဖြစ်ကြောင်း၊ သာမန် အချိန်မျိုးတွင် ငွေလဲကောင်တာများမှာ ပြဿနာ မရှိသော်လည်း ဒေါ်လာဈေး အတက်အကျ ကြမ်းချိန်တွင် ငွေကစားခြင်း စသည့် စည်းကမ်း ဖောက်ဖျက်မှုများ ရှိသောကြောင့် လိုင်စင်သိမ်းခြင်းအပြင် ဒဏ်ငွေပါ ဆောင်သင့်ကြောင်း၊ ဒဏ်ကြေးငွေအဖြစ် အနည်းဆုံး ကျပ် ၁ဝ သိန်းမှ အများဆုံးသိန်း ၅ဝ အထိ ဖြစ်နိုင်သည်ဟု ကြားသိရကြောင်း ငွေလဲ ကောင်တာ လုပ်ငန်းရှင် ဦးသိန်းမြင့်က ပြောဆိုသည်။
တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ငွေလဲကောင်တာ လိုင်စင် ချထားပေးသည့် ကုမ္ပဏီပေါင်း ၃၄၆ ခုရှိပြီး ငွေလဲ ကောင်တာပေါင်း ၈ဝဝ ကျော် ရှိကြောင်း၊ ငွေလဲကောင်တာ လိုင်စင် ချထားပေးမှုမှာ ရန်ကုန်တွင် အများဆုံး ဖြစ်ပြီး ကုမ္ပဏီပေါင်း ၂၈၆ ခု ရှိကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်ထံမှ သိရသည်။
Credit To >>> The Voice Weekly
0 comments:
Post a Comment