Friday, March 11, 2016

ကွတ်ခိုင်တွင် တပ်မတော်နှင့် TNLA တိုက်ပွဲများကြောင့် စစ်ဘေးရှောင် ဒေသခံ တစ်ထောင်ကျော် နေရပ်စွန့်ခွာဟုဆို

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်း တပ်မတော်နှင့် တအာင်း (ပလောင်)လက်နက်ကိုင်တပ်ဖွဲ့ TNLA တို့ တိုက်ပွဲများ အရှိန်မြင့် လာသောကြောင့် ဒေသခံတစ်ထောင်ကျော်မှာ စစ်ဘေးရှောင် နေရပ် စွန့်ခွာလျက်ရှိကြောင်း စစ်ဘေးဒုက္ခသည်များကို ကူညီရန် ရောက်ရှိနေသော ကွတ်ခိုင်မြို့နယ်ဒေသခံ ဦးမိုင်းလှဇော်က ပြောကြားသည်။

ကွတ်ခိုင်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် နေထိုင်လျက်ရှိသော ဒေသခံများမှာ တိုက်ပွဲများကြောင့် မတ်လ ၆ ရက်နေ့ မှစတင်ကာ နမ့်ဖက်ကာမြို့နယ်နှင့် မိုင်းယုလေးကျေးရွာများသို့ ရွှေ့ပြောင်းနေထိုင်လျက် ရှိကြောင်း ၄င်းကဆိုသည်။
“လူ တစ်ထောင်နီးပါးလောက်ရှိမယ်၊ ဒီနေ့လည်း ထပ်တိုးလာတွေ ရှိနေသေးတယ်၊ နေတာကတော့ မိုင်းယုလေး ရွာမှာဆိုရင် အခြားအိမ်တွေ မှာ မျှပြီးဝင်နေကြတယ်၊ နမ့်ဖက်ကာမှာတော့ ဘုန်းကြီးမှာ
နေကြတာပေါ့နော်၊ အခု လတ်တလော ဖြစ်နေတာဆိုတော့ အစားအသောက် ထောက်ပံ့တဲ့ အဖွဲ့အစည်းတွေ မရှိသေးဘူး”ဟု ၄င်းကဆိုသည်။
အဆိုပါ စစ်ဘေးရှောင် ဒုက္ခသည်များကို ကူညီထောက်ပံ့ရန်အတွက် တအာင်းကျောင်းသားနှင့် လူငယ်များအဖွဲ့ (TSYU) နှင့် တအာင်း အမျိုးသမီးများအဖွဲ့ (TWO) တို့ကလည်း နမ့်ဖက်ကာမြို့နယ်နှင့် မိုင်းယုလေး ကျေးရွာသို့ သွားရောက်လျက်ရှိကြောင်း ယင်းအဖွဲ့အစည်းများထံမှ သိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA နှင့် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) တို့ တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် တပ်မတော်က RCSS/SSA ကို ယင်းနယ်မြေမှ ဖယ်ပေးရန် တောင်းဆိုထားပြီး TNLA တပ်များကိုလည်း နယ်မြေရှင်းလင်းရေး လုပ်ဆောင်လျက်ရှိကြောင်း တပ်မတော်က သတင်းထုတ်ပြန်ထားသည်။
ထို့အပြင် မတ်လဆန်းပိုင်းမှ စတင်ကာ တပ်မတော်နှင့် TNLA တို့အကြား တိုက်ပွဲများ ပိုမိုဖြစ်ပွားလျက်ရှိပြီး တပ်မတော်က လေယာဉ်ပစ်ကူများ အသုံးပြုကာ တိုက်ပွဲအရှိန်မြှင့်တင်လာကြောင်း TNLA က ထုတ်ဖော်ပြောဆိုထားသည်။
တအာင်း(ပလောင်)အမျိုးသား လွတ်မြောက်ရေး တပ်မတော်သည် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် NCA တွင် ပါဝင်လက်မှတ်ရေးထိုးခြင်းမရှိသေးသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ဖြစ်သည်။
Credit To >>> The Voice Weekly 

0 comments:

Post a Comment