Monday, March 14, 2016

ရွေးကောက်ပွဲမဲဆွယ်ကာလ ဒေါသအကြောင်း အိုဘားမား သတိပေး

ခိုက်ရန်ဖြစ်ပွားမှုများကြောင့် ဒေါ်နယ်ထရန့်၏ လူထုစုဝေးပွဲတစ်ခုကို ဖျက်သိမ်းလိုက်ရပြီးနောက် တစ်ရက်မှာပင် အိမ်ဖြူတော်အတွက် ယှဉ်ပြိုင်နေသူများအတွင်း တင်းမာမှုများ မြင့်တက်စေမှုကို ရှောင်ရှားရန် အမေရိကန်သမ္မတ ဘားရက်အိုဘားမားက သတိပေးပြောကြားသည်။

သမ္မတရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းများအနေဖြင့် စော်ကားသော အပြောအဆိုများ မလုပ်ရန်နှင့် အခြားအမေရိကန် နိုင်ငံသားများကို အကြမ်းဖက်မှုမလုပ်ရန် ပြောကြားသည်။
ချီကာဂိုမြို့ မဲဆွယ်ပွဲတွင် ထောက်ခံသူများနှင့် ကန့်ကွက်သူများကြား ခိုက်ရန်ဖြစ်ပွားမှုများ ရှိခဲ့ပြီးနောက် ရီပက်ဘလေကန် ပါတီအား ကိုယ်စားပြုယှဉ်ပြိုင်ရန် ကြိုးစားနေသူ ဒေါ်နယ်ထရန့်က မဲဆွယ်ပွဲဖျက်သိမ်းခဲ့သည်။
ထရန့်သည် တင်းမာမှုဖြစ်စေသော စကားများ ပြောကြားခဲ့သည်ဟု ၎င်း၏ပြိုင်ဘက်များနှင့် အခြားပုဂ္ဂိုလ်များက စွပ်စွဲကြသည်။
နိုဝင်ဘာသမ္မတရွေးကောက်ပွဲတွင် ရာထူးမှ ဆင်းတော့မည့် သမ္မတအိုဘားမားက ဒါးလက်စ်မြို့ ဒီမိုကရက်ပါတီရန်ပုံငွေ ရှာဖွေပွဲတစ်ရပ်၌ အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။
ထရန့်၏ ချီကာဂို လူထုစုဝေးပွဲ၌ အခမ်းအနား မစတင်မီ တစ်နာရီခန့်ကပင် ခိုက်ရန်ဖြစ်ပွားမှု စတင်ခဲ့ပြီး အခမ်းအနား ဖျက်သိမ်းပြီးနောက်တွင်လည်း ဆက်လက်ဖြစ်ပွားခဲ့သည်။
ထရန့်အား ထောက်ခံသူများက ကန့်ကွက်သူများထံမှ အလံများ လုယူရန် ကြိုးစားရာမှ ရုန်းရင်းဆန်ခတ်နှင့် ခိုက်ရန်ဖြစ်ပွားမှုများ စတင်ခဲ့ခြင်းဖြစ်သည်။
ယင်းတွင် ကန့်ကွက်သူတစ်ဦးအား အခြားလူများက ချီမ ဖယ်ရှားခဲ့ရသည်။
Credit To >>> 7 Day Daily

0 comments:

Post a Comment